၂.၅.၂၀၂၆
Translated by Htwe Ko Tun
အီရန်ရဲ့ဟော်မုဇ်ရေလက်ကြားကို ဆက်လက်ပိတ်ဆို့နေမှုနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ရှောင်ရှားနေမှုတို့လို ဦးဆောင်လုပ်ဆောင်မှုတွေအောက်မှာ အမေရိကန်အဖို့ အရှက်ရခဲ့ရတယ်လို့ ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် ဖရိုက်ဒရစ်ရှ် မာ့ဇ်က ဧပြီ ၂၇ ရက်က ဝေဖန်ပြောကြားခဲ့အပြီးမှာတော့ တင်းမာမှုတွေ မြင့်တက်လာခဲ့ရပြီး ဂျာမနီနိုင်ငံမှ အမေရိကန်တပ်ဖွဲ့ဝင်တွေကို လျှော့ချဖို့ အမေရိကန်အစိုးရက မေလ ၁ ရက်မှာ ဆုံးဖြတ်ခဲ့ပါတယ်။
အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိသ် ဟက်ဆက်က ဂျာမနီမှာ တပ်စွဲထားတဲ့ အမေရိကန်တပ်ဖွဲ့ဝင် ၅,၀၀၀ ခန့်ကို ရုပ်သိမ်းဖို့ အမိန့်ပေးခဲ့တယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန ပင်တဂွန်က မေလ ၁ ရက်မှာ ပြောကြားခဲ့ပါတယ်။
တပ်ဖွဲ့ဝင်တွေရုပ်သိမ်းမှုကို လာမယ့် ခြောက်လမှ ၁၂ လအတွင်း အပြီးသတ်ဆောင်ရွက်မယ်လို့ ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူ ရှောင် ပါနယ်လ်က ကြေညာချက်တစ်စောင်မှာ ပြောကြားခဲ့ပါတယ်။
ပါနယ်လ်က “ဒီဆုံးဖြတ်ချက်ဟာ ပင်တဂွန်က ဥရောပရှိ တပ်ဖွဲ့အနေအထားကို သေချာစွာ ပြန်လည် သုံးသပ်ပြီးချမှတ်ခဲ့တာပါ။ မြေပြင်မှာရှိတဲ့ လိုအပ်ချက်တွေနဲ့ အခြေအနေတွေကို အသိအမှတ်ပြုတာလည်းဖြစ်ပါတယ်”လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။
အမေရိကန်အဖို့ အီရန်ကြောင့် အရှက်ရစေရတယ်လို့ ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် ဖရိုက်ဒရစ်ရှ် မာ့ဇ်ရဲ့ ဝေဖန်မှုအပြီး အမေရိကန်သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်ကလည်း ဂျာမနီရှိ အမေရိကန် တပ်ဖွဲ့ဝင် အရေအတွက်ကို လျှော့ချမယ်လို့ ပြန်လည် ခြိမ်းခြောက်ပြီးနောက် တစ်ရက်အကြာမှာပဲ ခုလို တပ်ရုပ်သိမ်းမှု ကြေညာချက် ထွက်ပေါ်လာတာပါ။
ထရမ့်ပ်က အီရန်စစ်ပွဲအပေါ် မာ့ဇ်ရဲ့ဝေဖန်မှုနဲ့ပတ်သက်လို့ “ဂျာမန်ခေါင်းဆောင်ဟာ သူ့ဟာသူ ဘာပြောလို့ပြောနေမှန်းး မသိပါဘူး၊ လုံးဝထိရောက်မှုမရှိတဲ့စကားပါ”လို့ တုံ့ပြန်ပြောကြားခဲ့ပါတယ်။
သမ္မတ ထရမ့်ပ် ကဥရောပသမဂ္ဂမှ ကားတွေနဲ့ ထရပ်ကားတွေ တင်သွင်းမှု အပေါ်ဝင်ငွေစည်းကြပ်ခွန် တိုးမြှင့်မယ်လို့လည်း မေလ ၁ ရက်မှာကြေညာခဲ့တာမှာ ဂျာမနီနိုင်ငံကို အပြင်းထန်ဆုံးထိခိုက်စေမယ့် လုပ်ဆောင်ချက်တစ်ခုလို့ဆိုကြပါတယ်။
ပင်တဂွန်မှ အကြီးတန်းအရာရှိတစ်ဦးက မကြာသေးမီက ဂျာမနီဝန်ကြီးချုပ်ရဲ့ ပြောဆိုချက်တွေက သင့်လျော်မှုမရှိဘဲ အသုံးလည်းမဝင်ပါဘူးလို့ Reuters သတင်းဌာနကို ပြောခဲ့ပါတယ်။ “သမ္မတက ဒီဆန့်ကျင်ဘက် မှတ်ချက်တွေ မှန်ကန်စွာ တုံ့ပြန်နေတယ်”လို့ အမည်မဖော်လိုသော အရာရှိရဲ့ ပြောကြားချက်ကို ကိုးကားပြီး Reuters က ဖော်ပြခဲ့ပါတယ်။
ဒုတိယကမ္ဘာစစ်ပြီးဆုံးချိန်နဲ့ စစ်အေးတိုက်ပွဲစတင်ချိန်မှစလို့ ဥရောပရှိ အခြားနေရာတွေထက် ဂျာမနီမှာ အမေရိကန်တပ်ဖွဲ့ဝင်တွေ ပိုမိုများပြားစွာ အခြေချထားပါတယ်။ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန လူအင်အားဒေတာစင်တာရဲ့ အဆိုအရ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအထိ ဂျာမနီမှာ အမေရိကန်တပ်ဖွဲ့ဝင် ၃၆,၀၀၀ ကျော် တပ်စွဲထားတယ်လို့ သိရပါတယ်။ ဂျာမနီအနောက်တောင်ပိုင်းမှာဆိုရင် အမေရိကန်ရဲ့ ပြည်ပလေတပ်စခန်းတွေအထဲမှာ အကြီးမားဆုံး ဖြစ်တဲ့ ရမ်စတိန်း လေတပ်အခြေစိုက်စခန်းရှိပါတယ်။
အမေရိကန် ရဲ့ ဥရောပဒေသစစ်တိုင်းနဲ့ အာဖရိကစစ်တိုင်းဌာနချုပ်တို့ အပါအဝင် တခြားအဓိက စစ်ဘက်ဆိုင်ရာ အဆောက်အအုံများစွာလည်း ဂျာမနီနိုင်ငံမှာ ရှိပါတယ်။
ဥရောပမှာ အမေရိကန်တပ်စခန်း ခုနစ်ခုအနက် ငါးခုက ဂျာမနီနိုင်ငံမှာရှိပြီး ဒီနောက်မှာတော့ ယူနိုက်တက်ကင်းဒမ်းနဲ့ အီတလီနိုင်ငံတို့က ဥရောပတိုက်မှာ အမေရိကန်တပ်ဖွဲ့ဝင် အများဆုံးရှိတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။
Ref- Reuters, DW News
