သက်တံ့
၂. ၅. ၂၀၂၆
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာသည် ခံဝန်ဖြင့် လွတ်မြောက်ခွင့် (Parole) ရရှိခဲ့ပြီး မေလ ၁၁ ရက်နေ့တွင် ကလောင်ပရမ်ဗဟိုအကျဉ်းထောင်မှ လွတ်မြောက်တော့မည် ဖြစ်သော်လည်း သက်ဆင်၏ အသက်အရွယ်နှင့် ကျန်းမာရေးအခြေအနေအရ အီလက်ထရောနစ် ခြေရာခံကိရိယာ (Electronic Monitoring Bracelet- ခြေရာခံလျှပ်စစ်ခြေကျင်းဝတ်) ဝတ်ဆင်ရမည့် သတ်မှတ်ချက်အပေါ် ၎င်း၏ရှေ့နေက မေးခွန်းထုတ်ခဲ့သည်။
သက်ဆင်၏ရှေ့နေဖြစ်သူ ဝင်းယတ် ချတ်မွန်ထရီက တရားရေးဝန်ကြီးဌာန ဆပ်ကော်မတီ၏ အထွေထွေစံနှုန်းများအရ ခံဝန်ဖြင့် လွတ်မြောက်ခွင့်ပြုသည့် အကျဉ်းသား ၈၅၉ ဦးစာရင်းတွင် သက်ဆင်ပါဝင်ကြောင်း ဧပြီလ ၃၀ ရက်နေ့က သတင်းထောက်များကို ပြောကြားခဲ့သည်။ ထောင်မှလွတ်မြောက်ပြီးနောက်တွင် ခံဝန်စောင့်ကြည့်မှု လုပ်ငန်းစဉ်များ ဆက်လက်လုပ်ဆောင်ရမည်ဖြစ်သည်။
သက်ဆင်သည် ခံဝန်ဖြင့်လွတ်မြောက်ခွင့်အပေါ် ဝမ်းမြောက်သော်လည်း အသက် ၇၀ ကျော်အရွယ်ဖြစ်ခြင်းနှင့် နာတာရှည်ရောဂါများရှိနေခြင်းတို့ကြောင့် ခြေရာခံလျှပ်စစ်ခြေကျင်းဝတ် တပ်ဆင်ရမည့်ကိစ္စကို စိုးရိမ်မိကြောင်း ရှေ့နေက ဆိုသည်။ ထို့ပြင် မိမိအနေဖြင့် နိုင်ငံအတွင်းမှ ထွက်ပြေးရန် အစီအစဉ်မရှိကြောင်းလည်း သက်ဆင်က ပြောကြားခဲ့သည်။
“ကျွန်တော်သာ ထွက်ပြေးချင်ရင် ပြစ်ဒဏ်ခံဖို့ ကိုယ့်သဘောနဲ့ကိုယ် လာအဖမ်းခံမှာ မဟုတ်ဘူး” ဟု သက်ဆင်က ဆိုသည်။
သက်ဆင်သည် ပြီးခဲ့သည့်နှစ်နှောင်းပိုင်းက ဆေးရုံတွင် ၆ လကြာ တက်ရောက်ခဲ့သည့် ကာလကို ထောင်ဒဏ်အတွင်း ထည့်မတွက်ရန် တရားရုံးချုပ်က ဆုံးဖြတ်ခဲ့ပြီးနောက် ထောင်ပြန်ကျခဲ့ခြင်းဖြစ်သည်။ မူလက ၎င်းသည် လာမည့် စက်တင်ဘာ ၉ ရက်နေ့မှ လွတ်ရက်စေ့မည်ဖြစ်သော်လည်း ပြစ်ဒဏ်၏ သုံးပုံနှစ်ပုံကျခံပြီးနောက် ဥပဒေနှင့်အညီ လျှော့ရက် ရရှိခဲ့ခြင်းဖြစ်သည်။
သက်ဆင်၏ အငယ်ဆုံးသမီးဖြစ်သူ ဝန်ကြီးချုပ်ဟောင်း ပေတုံတန် ရှင်နာဝပ်ထရာကလည်း ကလောင်ပရမ်အကျဉ်းထောင်သို့ သွားရောက်တွေ့ဆုံခဲ့ပြီး ခံဝန်ရသည့်အတွက် မိသားစုက ဝမ်းသာသော်လည်း ခြေရာခံလျှပ်စစ်ခြေကျင်းဝတ် ကိစ္စကိုမူ လက်မခံလိုကြောင်း ပြောကြားခဲ့သည်။
“ပုံမှန်ဆိုရင် အသက်ကြီးတဲ့ အကျဉ်းသားတွေကို ခြေရာခံလျှပ်စစ်ခြေကျင်းဝတ် မတပ်ခိုင်းပါဘူး။ ဒါပေမဲ့ ကော်မတီက ဆုံးဖြတ်လိုက်ပြီဆိုတော့လည်း လုပ်ငန်းစဉ်အတိုင်း လိုက်နာရမှာပါ” ဟု သူမက ဆိုသည်။
သက်ဆင် ထောင်မှလွတ်လာလျှင် ပထမဆုံးအလုပ်မှာ ကျန်းမာရေးစစ်ဆေးမှု အပြည့်အစုံ လုပ်ဆောင်ရန်ဖြစ်ကြောင်းလည်း ပေတုံတန်က ဖြည့်စွက်ပြောကြားခဲ့သည်။
သက်ဆင်သည် ၂၀၀၆ ခုနှစ်က အာဏာသိမ်းခံရပြီးနောက် အဂတိမှုများဖြင့် ထောင်ဒဏ်ချမှတ်ခံရမည်ကို ရှောင်တိမ်းရန် ပြည်ပတွင် ၁၅ နှစ်ကြာ နေထိုင်ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိလာကာ အဖမ်းခံခဲ့သည်။ ထို့နောက် ထောင်ဒဏ် ၈ နှစ် ချမှတ်ခံရသော်လည်း တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ၁ နှစ်သို့ လျှော့ပေါ့ပေးခြင်း ခံခဲ့ရသည်။ ထောင်ကျပြီး မကြာမီမှာပင် ကျန်းမာရေးအကြောင်းပြချက်ဖြင့် ရဲဆေးရုံသို့ ပြောင်းရွှေ့ခဲ့ပြီး ၆ လကြာ နေထိုင်အပြီး လွတ်မြောက်ခဲ့သည်။ သို့သော် ထိုသို့ နေထိုင်မှုမှာ မလျော်ဩဇာ အသုံးပြုမှုဖြင့် ဝေဖန်ခံရပြီးနောက် ပြန်လည် ဖမ်းဆီး တရားစွဲဆိုရာ ထောင်ဒဏ် တစ်နှစ် ပြန်လည်ကျခံခဲ့ရသည်။ သို့သော် တရားရုံးချုပ်က ကနဦးနေသား ၆ လကို တစ်နှစ်ထောင်ဒဏ်ထဲတွင် ထည့်မတွက်ရန် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၉ ရက်က ဆုံးဖြတ်ခဲ့သဖြင့် ထောင်တစ်နှစ် ပြန်လည်ကျခံခဲ့ရခြင်း ဖြစ်သည်။ လာမည် မေလ ၁၁ ရက်တွင် ၎င်းသည် ခံဝန်ဖြင့် လွတ်လာမည်ဖြစ်သော်လည်း အာဏာပိုင်များက ၎င်း၏လှုပ်ရှားမှုကို စောင့်ကြည့်နိုင်ရန် ခြေရာခံလျှပ်စစ်ခြေကျင်းဝတ်အား တပ်ဆင်ခိုင်းခြင်းဖြစ်သည်။ သို့သော် သက်ဆင်၏ ၇၆ နှစ်ရှိနေပြီဖြစ်သည့် အသက်အရွယ်နှင့် ဝေဒနာများကြောင့် ယင်းကိရိယာ ဝတ်ဆင်ရမှုကို မိသားစုက ကန့်ကွက်နေခြင်း ဖြစ်သည်။
Ref : The Thaiger
