၂.၅.၂၀၂၆
Translated by Htwe Ko Tun
တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့တွင် အလုပ်သမားနေ့ဆန္ဒပြပွဲများ ကျင်းပနေသော လူပေါင်းများစွာကို တူရကီရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်ခဲ့ပြီး လူရာနှင့်ချီ၍ ဖမ်းဆီးခဲ့ကြောင်းလည်း သိရသည်။
အစ္စတန်ဘူလ်အုပ်ချုပ်ရေးမှူးရုံးမှ ထုတ်ပြန်ချက်တစ်ခုအရ မေလ ၁ ရက်၊ ဒေသစံတော်ချိန် ညနေ ၆ နာရီအထိ ရဲတပ်ဖွဲ့က လူ ၅၇၅ ဦးကို ဖမ်းဆီးခဲ့ပြီး ၎င်းတို့အား လုံခြုံရေးဆုံးဖြတ်ချက်များကို ဖီဆန်သူများအဖြစ် ဖော်ပြခဲ့သည်။
အစောပိုင်းတွင် CHD ရှေ့နေများအသင်းက အစ္စတန်ဘူလ်တွင် မွန်းလွဲပိုင်းအထိ အနည်းဆုံး လူ ၅၅၀ ဦးကို ဖမ်းဆီးခဲ့ကြောင်း ပြောကြားခဲ့ပြီး အဓိကရုဏ်းထိန်းချုပ်ရေးယာဉ်များမှ လူအုပ်ထဲသို့ မျက်ရည်ယိုဗုံးများ ပစ်ခတ်ခဲ့ကြောင်း AFP သတင်းများက ဖော်ပြခဲ့ကြသည်။
အဓိကရုဏ်းနှိမ်နင်းရေးဝတ်စုံများဝတ်ဆင်ထားသော ရဲအများအပြားက လူစုလူဝေးများစွာရှိရာ Taksim ရင်ပြင်အပါအဝင် အစ္စတန်ဘူလ်၏ အလယ်ဗဟိုရပ်ကွက်များသို့ ဝင်ရောက်ခွင့်ကို ဖြတ်တောက်ရန် သတ္တုအတားအဆီးများ ချထားခဲ့သည်။
အတိုက်အခံရုပ်သံလိုင်း HALK TV က တူရကီအလုပ်သမားပါတီဥက္ကဋ္ဌ အာကန် ဘာ့စ်အား ငရုတ်ကောင်းဖျန်းဆေးဖြင့် ပက်ဖျန်းခံရသည့် ပုံများကို ထုတ်လွှင့်ခဲ့သည်။ အာကန်ဘာ့စ်က “အာဏာရှိသူတွေဟာ တစ်နှစ်ကို ၃၆၅ ရက် သူတို့နဲ့ပတ်သက်လို့ ပြောဆိုနေကြပြီဖြစ်လို့ အလုပ်သမားတွေကိုလည်း သူတို့ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေအကြောင်း တစ်နှစ်ကို အနည်းဆုံး တစ်ရက်လောက် ပြောဆိုခွင့်ပေးလိုက်ပါ” ဟု အာကန် ဘာ့စ်က ပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့သည် ယခင်က အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများစွာ ဖြစ်ပွားခဲ့သည့် Taksim ရင်ပြင်သို့ ချီတက်ရန် ၎င်းတို့၏ ရည်ရွယ်ချက်ကို ညွှန်ပြခဲ့သော အဖွဲ့များကို အာရုံစိုက်ခဲ့ပြီး ညတွင်းချင်း ရဲများက လမ်းကြောင်းများပိတ်ဆို့ထားခဲ့သည်။
အလုပ်သမားသမဂ္ဂတာဝန်ရှိသူတစ်ဦးဖြစ်သည့် ဘာဆာရန် အက်ဆူက Taksim ရင်ပြင်သို့ ဆန္ဒပြသူများ မသွားရောက်နိုင်ရန် ပိတ်ဆို့မှုကို ရှုတ်ချပြီးနောက် ဖမ်းဆီးခံခဲ့ရသည်။
“တူရကီအလုပ်သမားတွေအတွက် ရင်ပြင်တစ်ခုကို ပိတ်လို့မရဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။
“လူတိုင်းက တရားဝင်အခမ်းအနားတွေ၊ အောင်ပွဲတွေအတွက် Taksim ကို အသုံးပြုကြပါတယ်။ အလုပ်သမားတွေ၊ ဆင်းရဲသားတွေကြမှာသာ ရင်ပြင်ကို သူတို့အတွက် ပိတ်ထားတယ်လို့ ခံစားရပါတယ်။” လို့ ဘာဆာရန်က ဆက်လက်ပြောကြားသွားခဲ့သည်။
အလုပ်သမားများနှင့်အလုပ်သမားလူတန်းစားများကို ဂုဏ်ပြုသော အခမ်းအနားများပြုလုပ်လေ့ရှိသည့် မေဒေးနေ့တွင် တူရကီ၌ နှစ်စဉ် ရဲတပ်ဖွဲ့ဝင်များ အများအပြားချထားပြီး အစ္စတန်ဘူလ်မြို့လယ်တွင် ဆိုလျင် ဧရိယာကြီးတစ်ခုလုံးကို ယခုနှစ်တွင် ပိတ်ဆို့ထားခဲ့သည်။
ယမန်နှစ်ကဆိုလျှင် ဆန္ဒပြမှုများက မြို့၏ ကာဒီကွိုင် နယ်မြေသို့ ရွှေ့ပြောင်းခဲ့ပြီး လူ ၄၀၀ ကျော် ဖမ်းဆီးခံခဲ့ရသည်။
မီစီဒီရီကွိုင် ခရိုင်တွင် AFP သတင်းထောက်များက “အမေရိကန်လူသတ်သမား၊ AKP (တူရကီ၏ အာဏာရပါတီ) ကြံရာပါ” ဟု ကြွေးကြော်ကာ တွန်းထုတ်ရန် ကြိုးစားနေသော မာ့က်စ်ပါတီ HKP အဖွဲ့ဝင်များ အပါအဝင် ဆန္ဒပြလူအုပ်ကို ရဲများက မျက်ရည်ယိုဗုံးဖြင့် ပစ်ခတ်ခဲ့သည်ကို မြင်တွေ့ခဲ့ရသည်။
တူရကီနိုင်ငံတွင် ငွေကြေးဖောင်းပွမှုကို တရားဝင် ၃၀ ရာခိုင်နှုန်းဟု သတ်မှတ်ထားသော်လည်း လွတ်လပ်သော ခန့်မှန်းချက်များအရ ၄၀ ရာခိုင်နှုန်းနီးပါးရှိကြောင်းလည်းသိရသည်။
အန်ကာရာတွင် လုပ်ခလစာ ကြွေးကျန်များပေးဆောင်ရန် ကိုးရက်ကြာ အစာငတ်ခံဆန္ဒပြခဲ့ကြသော ကျောက်မီးသွေးတွင်းလုပ်သား ၁၀၀ ခန့်က မေဒေးနေ့ ချီတက်ပွဲတွင် ပါဝင်ခဲ့ကြရာ ဂုဏ်ပြုချီးကျူးမှု ပြုခဲ့ကြသည်။
Ref- AFP
