နေမိုး
၂. ၅. ၂၀၂၆
အရပ်ဝတ်ဖြင့် စက်ဘီးစီးလာသူ ရှစ်ဦးကို ရေစကြို PDF အဖွဲ့က ကဆုန်လပြည့်နေ့တွင် ချောင်းမြောင်းပစ်ခတ် သတ်ဖြတ်လိုက်သလို အဆိုပါ အရပ်ဝတ်အမျိုးသားများမှာ တောင်အိုစစ်ဆေးရေးဂိတ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များဟု အကြောင်းပြချက်ပေးသော်လည်း ထိုရှစ်ဦးတွင် အရပ်သားတစ်ဦးပါ သေရသဖြင့် ဝမ်းနည်းသည်ဟုလည်း ကျူးလွန်မှုတွင် ဦးဆောင်သည့် Southern YSO PDF က ယနေ့ ဝန်ခံလာသည်။
ဖြစ်စဉ်မှာ အများပြည်သူများ ကုသိုလ်ကောင်းမှုပြုကြသည့် ကဆုန်လပြည့် ဗုဒ္ဓနေ့ဖြစ်သော ဧပြီ ၃၀ ရက် နေ့လယ် ၁၁ နာရီ ၂၅ မိနစ်ခန့်တွင် အရပ်ဝတ်ဖြင့် စက်ဘီးစီးလာသူ အမျိုးသားရှစ်ဦးကို ရေစကြို PDF တပ်ပေါင်းစုဖြစ်ပြီး Southern YSO PDF ဦးဆောင်ပြီး ဒေါင်းညီနောင် (PKU PDF)၊ Yesagyo Revolution Group(YRG)၊ ဒေါင်းစစ်သည်၊ King Cobra၊ ပြည်သူ့အားမာန်PDF နှင့် Golden Eagle PDF တို့ပူးပေါင်းကာ ချောင်းမြောင်းပစ်သတ်လိုက်ခြင်းဖြစ်သည်။ ထိုသို့ သတ်ဖြတ်ပြီးနောက် G3 သေနတ် ၂ လက်၊ MA3 သေနတ် ၁ လက်၊ MA13 ၁ လက်၊ ခြောက်လုံးပြူး ၁ လက်၊ G3 ဘောက် ၄ ဘောက်၊ MA13 ဘောက် ၂ ဘောက်၊ ဖုန်း ၄ လုံး၊ ဓား ၁ ချောင်းနှင့် ခါးပတ် ၂ ချောင်း လုယက်သိမ်းယူခဲ့ကြပြီး သေဆုံးသူရှစ်ဦးတွင် တောင်အိုစစ်ဆေးရေးဂိတ်ခေါင်းဆောင်တစ်ဦးနှင့် ငယ်သားခြောက်ဦး၊ အရပ်သားတစ်ဦးဖြစ်သည်ဟုလည်း ဖော်ပြသည်။
သို့သော် ထိုသတ်ဖြတ်မှုကို ရုပ်သံတွင် တွေ့မြင်ရာ၌ ရေစကြို PDF များကသာ ချောင်းမြောင်းပစ်ခတ်သည်ကို တွေ့ရပြီး စက်ဘီးဖြင့်လာသော အရပ်ဝတ်အမျိုးသားများတွင် ပြန်လည်ပစ်ခတ်မှုနှင့် လက်နက်ပါဝင်ကိုင်ဆောင်လာမှု ရှင်းလင်းသော မြင်ကွင်းတွေ့မြင်ရခြင်းမရှိချေ။
ထိုသတ်ဖြတ်မှုအပြီးတွင် ရေစကြို PDF များက အရပ်သားတစ်ဦးမှာ လုံခြုံရေးတပ်ဖွဲ့၏ နောက်မှ စက်ဘီးဖြင့်ပင် လိုက်ပါလာသဖြင့် ပစ်သတ်မိခြင်းဖြစ်ကြောင်း တောင်းပန်ကြောင်း ဖော်ပြထားသည်ကိုလည်း တွေ့ရသည်။
MT News အနေဖြင့် ရေစကြို PDF များက အရပ်ဝတ် အမျိုးသားရှစ်ဦးကို ပစ်သတ်လိုက်သည်ကိုသာ ကျူးလွန်သည့် NUG ဩဇာခံ ရေစကြို PDF များ၏ ဝန်ခံချက်အရ သတင်းဖော်ပြခြင်းဖြစ်ပြီး ထိုသတ်ဖြတ်ခံအမျိုးသားများမှာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ဟုတ်မဟုတ်ကိုမူ မြေပြင်အတည်မပြုနိုင်ချေ။
