NUG ထံ CDM ဝင်ရာမှ SAC ထံ ပြန်လည်အလင်းဝင်ခဲ့သည့် တပ်မတော်သား CDM ဇနီးမောင်နှံကို တွေ့ရစဥ် (Photo- Captain Zero)

၇. ၁၀. ၂၀၂၂
Written by Nay Moe

NUG ထံ CDM ဝင်ထားရာမှ SAC ထံသို့ အလင်းပြန်ဝင်သွားခဲ့သည့် ဗိုလ်မှူးမျိုးမင်းထွန်းဖြစ်စဥ်အပြီး အခြားသော တပ်မတော်သား CDM သုံးဦးမှာလည်း SAC ထံ ထပ်မံအလင်းဝင်သွားသည်ဟု Captain Zero က အောက်တိုဘာ ၇ ရက်တွင် သတိပေးထားသည်။

”၂၀၂၁ ခုနှစ် အစောပိုင်း CDM ဝင်ရောက်ထားခဲ့သူဖြစ်တဲ့ တပ်ကြပ်ကြီးဖြိုးဝေဦးနဲ့ ဇနီးမခင်သွယ်တို့ လင်မယားနှစ်ယောက်ဟာ CDM သားဖွားတပ်ကြပ်ကြီး ဒေါ်စန္ဒာဌေးနဲ့အတူ BGF နဲ့ ချိတ်ဆက်ပြီး စကစ ဘက်ပြန်ဝင်ဖို့ ထွက်သွားပါတယ်။ သူတို့ နေထိုင်ရာ မဲဆောက်ကနေ ရင်းနှီးသူတွေကတဆင့် ဘတ် (၁၀)သိန်းကျော်ကိုပါ လိမ်ညာ ယူဆောင်သွားတယ်လို့ သိရပါတယ်။ အစောပိုင်း CDM လုပ်လာသူတွေဖြစ်ပြီး ထောက်ပို့ပိုင်း လုပ်ကိုင်သွားသူတွေဖြစ်တာကြောင့် CDM ၊ UG ၊ PDF ကွန်ယက် အတော်များများနဲ့ ပတ်သက် လုပ်ကိုင်ခဲ့ပါတယ်။ ပြန်လည်ဖမ်းဆီးဖို့ မဖြစ်နိုင်တော့တဲ့အတွက် အခုလို သတိပေးရတာပါ ။ ပတ်သက် ဆက်နွယ်ခဲ့သူများ သတိထားရအောင် ပြောရတာဖြစ်လို့ သူတို့ဓာတ်ပုံတွေပါ တင်ပေးလိုက်ပါတယ်” ဟု Captain Zero က သတိပေးခဲ့သည်။

SAC ၏ လခရတပ်ဖွဲ့ဝင် ၁၀၀၀၀ ကျော် CDM ဝင်လာသည်ဟု NUG က ပြောကြားထားသည်။ ထိုသို့ CDM ဝင်လာစေရန်လည်း ပြည်သူ့ရင်ခွင် ခိုလှုံလာပါက ဆုကြေးပေးမည်၊ တတိယနိုင်ငံများသို့ ပို့ပေးမည်ဟု NUG က ဆွဲဆောင်ခဲ့သည်။ ထိုသို့ NUG ထံ CDM ဝင်ရာမှ တတိယနိုင်ငံများသို့ အမှန်တကယ်မပို့ပေးသဖြင့် SAC ထံ အလင်းပြန်ဝင်သူများမှာလည်း ဗိုလ်မှူးမျိုးမင်းထွန်း၊ တပ်ကြပ်ကြီးဖြိုးဝေဦးနှင့် ဇနီးမခင်သွယ်နှင့် CDM သားဖွားတပ်ကြပ်ကြီးဒေါ်စန္ဒာဌေးတို့သာမက အများအပြားရှိနေသည်ဟုလည်း Captain Zero က Live လွှင့်ပြောကြားခဲ့ပြီး ထိုသို့ အသိမပေးခဲ့ခြင်းမှာ ပြည်သူများနှင့် CDM များအကြား စိတ်ဝမ်းကွဲမည်ကို စိုးရိမ်၍ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။

CDM တပ်မတော်သားများ NUG ထံ ခိုလှုံရာမှ SAC ထံ ပြန်လည်အလင်းဝင်မှု တားဆီးရန် လက်ရှိ CDM တပ်မတော်သားများနှင့် ဆွေးနွေးတားဆီးသွားမည်ဖြစ်ပြီး တပ်မတော်သားများကို CDM ဝင်ရန် NUG က လမ်းဖွင့်ပေးထားမှုမှာလည်း မရှိသင့်တော့ကြောင်း ၎င်းက ဆိုသည်။

”လွယ်လွယ်ဝင်ပြီးတော့ လွယ်လွယ်ပြန်ထွက်လို့ရနေတဲ့ အခြေအနေမျိုး တစ်ခုဖြစ်နေပြီ။ ဒီလိုမျိုးဖြစ်နေတာကို ကောင်းကောင်းမွန်မွန် မထိန်းချုပ်နိုင်ဘူးဆိုရင် နောက်ထပ် CDM ဝင်ဖို့ မဖိတ်ခေါ်ပါနဲ့။ နောက်ထပ် ဘာတွေလုပ်ပေးမယ်ဆိုတဲ့ ကတိတွေလည်း မပေးပါနဲ့”ဟု Captain Zero က ဝေဖန်သည်။

Leave a Reply

Your email address will not be published. Required fields are marked *