MT News
၂၁. ၄. ၂၀၂၆
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့အား မန္တလေး PDF များ နယ်မြေ လုယက် ထိန်းချုပ်ပြီးကတည်းက ပိတ်ထားသည့် မြန်မာ့စီးပွားရေးဘဏ်၏ ဘဏ်ခွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ကျင်းပခဲ့သည်ဟု ကနဦး သိရသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် အလယ်ပိုင်တိုင်းစစ်ဌာနချုပ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်စွာ၀င်းခိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန့်ဇင်ထွန်း၊ မြို့နယ် မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာ ဒေါ်ခင်မိုးအောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး မြန်မာ့စီးပွားရေးဘဏ်ဆိုင်းဘုတ်အား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးခဲ့ကာ အဆိုပါ အခမ်းအနားသို့ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြန်မာ့စီးပွားရေးဘဏ် ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
PDF ပူးပေါင်းအဖွဲ့များအနေဖြင့် မိုးကုတ်၊ မိုးမိတ်၊ သပိတ်ကျင်း၊ မတ္တရာ၊ စဉ့်ကူး ဒေသတစ်ဝိုက်အား ၂၀၂၄ ခုနှစ်မှစ၍ ဝင်ရောက်တိုက်ခိုက်ကာ မြို့/ရွာများအတွင်း တိုက်ပွဲများဖော်ဆောင်ခြင်း၊ လုံခြုံရေးအင်အားနည်းသော တပ်စခန်းငယ်များအား အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ခြင်း၊ ပြည်သူပိုင်ပစ္စည်းများအား အတင်းအဓမ္မယူဆောင်ခြင်း၊ နိုင်ငံ့အကျိုးပြု စက်ရုံ၊ အလုပ်ရုံများအား ဝင်ရောက်မီးရှို့ဖျက်ဆီးခြင်း၊ နိုင်ငံပိုင် မြေပေါ်၊ မြေအောက် သယံဇာတများ အဓမ္မနည်းဖြင့် ထုတ်ယူကိုယ်ကျိုးသုံးစွဲခြင်း စသည့် အကြမ်းဖက်လုပ်ငန်းများကို နည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင်ခဲ့သဖြင့် အဆိုပါဒေသရှိ ဒေသခံတိုင်းရင်းသားအနေဖြင့် ၎င်းတို့ပိုင်ဆိုင်သည့် နေအိမ်အဆောက်အအုံများနှင့် ဥစ္စာပစ္စည်းများကို စွန့်လွှတ်၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
ထို့ကြောင့် တပ်မတော်စစ်ကြောင်းများက အဆိုပါဒေသများ တည်ငြိမ်အေးချမ်းရေး၊ ယာယီနေရပ်စွန့်ခွာပြည်သူများ ၎င်းတို့၏နေရပ်သို့ ပြန်လည်အခြေချနေထိုင်နိုင်ရေး၊ စက်ရုံ၊ အလုပ်ရုံများ ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် နိုင်ငံစီးပွားတိုးတက်ရေး အထောက်အကူပြုသည့် မြေပေါ်/မြေအောက်သယံဇာတများ ပြန်လည်ဆောင်ရွက်နိုင်ရေးတို့အတွက် လိုအပ်သည့် ပြင်ဆင်စုဖွဲ့မှုများဆောင်ရွက်ပြီး အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter-Terrorism Operation)ကို ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးထားသည့် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နှင့် ၎င်းဒေသတစ်ဝိုက်အား ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်တွင်လည်းကောင်း၊ မတ္တရာမြို့နယ်ရှိ ဖယောင်းတောင် သတ္တုတွင်းဒေသအား ဩဂုတ်လ ၂၄ ရက်တွင်လည်းကောင်း၊ အယ်လ်ဖာ ဘိလပ်မြေစက်ရုံတစ်ဝိုက်အား ဩဂုတ်လ ၂၈ ရက်တွင်လည်းကောင်း၊ ဆည်တော်ကြီးကျေးရွာနှင့် ရေလှောင်တမံအား နိုဝင်ဘာလ ၇ ရက်တွင်လည်းကောင်း အဝေးရောက်ဒေသခံပြည်သူများ၏ စစ်ရေးသတင်းပေးကူညီမှုများဖြင့် တစ်နေရာပြီး တစ်နေရာအား ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်။
ထိုသို့ အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့်ဒေသများအား တစ်ခုပြီးတစ်ခု ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး ဒေသခံပြည်သူများ၏ အားပေးထောက်ခံမှုရရှိထားသည့် တပ်မတော်စစ်ကြောင်းများအနေဖြင့် မတ္တရာ၊ ပြင်ဦးလွင် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများ ဌာနချုပ်အဖြစ် ဖွင့်လှစ်၍ ယာယီစိုးမိုးထားသည့် စဉ့်ကူးမြို့နှင့် လက်ပန်လှကျေးရွာဒေသတို့အား ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ရေးအတွက် လိုအပ်သည့် အုပ်ချုပ်ထောက်ပံ့မှုများအား ဖြည့်တင်းဆောင်ရွက်ပြီး လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများ ပူးပေါင်း၍ မြေပြင်/ဝေဟင် ဟန်ချက်ညီပေါင်းစပ်ကာ မြေပြင်သတင်းဖော်ထုတ်ပြီး တိုက်ပွဲဝင်အရာရှိ၊ စစ်သည်များ၏ တိုက်စွမ်းရည်၊ တိုက်စွမ်းအားတိုးတက်မြင့်မားလာမှု၊ စိတ်ဓာတ်ခွန်အားတက်ကြွမှု၊ တိုက်လိုခိုက်လိုစိတ်ပြင်းပြမှု၊ တုံးတိုက်တိုက်ကျားကိုက်ကိုက် စိတ်ဓာတ်တို့နှင့်အတူ စဉ့်ကူးမြို့နှင့် လက်ပန်လှကျေးရွာဒေသတို့အား ပြန်လည်သိမ်းပိုက်ရရှိရေးအတွက် ပိတ်ဆို့ရေးအနေဖြင့် သပိတ်ကျင်း-ဝါးဖြူတောင်မှတစ်ဆင့် ဇရပ်ကွင်းသို့ စစ်ကြောင်း ၂ ကြောင်းဖြင့် ပိတ်ဆို့ရှင်းလင်းခဲ့ရာ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ဇရပ်ကွင်းကို ထိန်းချုပ်နိုင်ခဲ့ပြီး လိပ်ကျ၊ ချောင်းကြီးနှင့် နွယ်ရုံတစ်ဝိုက်ကိုလည်း ဆက်လက်ပိတ်ဆို့ထိန်းချုပ်ခဲ့သည်။ ဆက်လက်၍ ရတနာသိင်္ဂီ-နားခါ-ပျဉ်းချောင်း-လမင်းသာ လမ်းကြောင်း၊ ပန်းတင်-မြကန်သာလမ်းကြောင်း၊ မတ္တရာ-စဉ့်ကူးလမ်းမကြီး ဘယ်/ညာမှ-တရော်ပင်-ညောင်ဝန်း-သာယာကုန်းလမ်းကြောင်း၊ ဧရာဝတီမြစ်အရှေ့ဘက်ကမ်း-ကျောက်ငနွား-ရေတော်-ရွှေလှေလမ်းကြောင်းတို့ဖြင့် စစ်ကြောင်းများခွဲ၍ အဆင့်ဆင့်တိုက်ခိုက်ချေမှုန်းခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် လက်ပန်လှကျေးရွာတစ်ဝိုက်အား ဒီဇင်ဘာလ ၁၈ ရက်နေ့တွင်လည်းကောင်း၊ စဉ့်ကူးမြို့တစ်မြို့လုံးအား ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်နေ့တွင်လည်းကောင်း၊ ပြန်လည်သိမ်းပိုက်ရရှိခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူများ ဖရိုဖရဲ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီးနောက် နယ်မြေရှင်းလင်းကာ ပြည်သူများ ပြန်လည်ဝင်ရောက်နေထိုင် အသားကျချိန် ယနေ့တွင် မြန်မာ့စီးပွားရေးဘဏ်အား ပြန်လည်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။
Photo – MOI
