၂၁.၄.၂၀၂၆.
Translated by Htwe Ko Tun
အီရတ်နိုင်ငံနဲ့ ဆီးရီးယားနိုင်ငံကြားရှိ အဓိကနယ်စပ်ဂိတ်တစ်ခုကို ဆယ်စုနှစ်တစ်ခုကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဧပြီလ ၂၀ ရက်က ပြန်လည်ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။ အီရတ်အရာရှိတွေက ထိုနယ်စပ်ဂိတ်ကိုဖြတ်လို့ ကုန်သွယ်ရေးနဲ့ ရေနံတင်ပို့မှုအလားအလာကို အလေးပေးပြောကြားခဲ့ကြပါတယ်။
ဆီးရီးယားဘက်ကလည်း အီရန်စစ်ပွဲမှာ အဓိကအာရုံထားအလေးစိုက်ရာ ဖြစ်နေရတဲ့ ဟော်မုဇ်ရေလက်ကြားအစား ထိုနယ်စပ်ဂိတ်မှတစ်ဆင့် ရေနံတင်ပို့မှုအတွက် ဘေးကင်းသော ကုန်းတွင်းလမ်းကြောင်းတစ်ခုအဖြစ်နဲ့ အသုံးပြုနိုင်တယ်လို့ မဲဆွယ်ပြောကြားခဲ့ပါတယ်။

အီရတ်မှာ ရာဘီယာနဲ့ ဆီးရီးယားမှာ ယာရူဘီယာလို့ လူသိများတဲ့ ထိုနယ်စပ်ဂိတ်ကို ၂၀၁၁ ခုနှစ်မှာ ဆီးရီးယားပြည်တွင်းစစ်စတင်ပြီးထဲက ပိတ်ထားခဲ့တာပါ။ ဒီနောက် ၂၀၁၄ ခုနှစ်မှာ IS (အစ္စလမ်မစ် နိုင်ငံတော်) အဖွဲ့မှ စစ်သွေးကြွတွေက ထိုနယ်မြေကို သိမ်းပိုက်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အီရတ် ကာ့ဒ်တပ်ဖွဲ့တွေက ပြန်လည်သိမ်းပိုက်ခဲ့ပါတယ်။
ဆီးရီးယားနိုင်ငံပိုင် SANA သတင်းဌာနက ဆီးရီးယားနဲ့ အီရတ်အရာရှိတွေဟာ နှစ်ဖက်ညှိနှိုင်းဆောင်ရွက်မှုကို ဘယ်လိုတိုးတက်အောင်လုပ်ဆောင်ရမယ်နဲ့ ဘုံအကျိုးစီးပွားတွေနဲ့အညီ သယ်ယူပို့ဆောင်ရေးနဲ့ ကုန်သွယ်မှုကို ဘယ်လိုလွယ်ကူချောမွေ့စေရမယ်ဆိုတာတွေကို နယ်စပ်ဂိတ်မှာ ဆွေးနွေးခဲ့ကြတယ်လို့ ပြောကြားခဲ့ပါတယ်။ အီရတ်နိုင်ငံ၊ Nineveh ပြည်နယ်ကောင်စီဝင် နာဒီယာ အယ်လ်ဂျူဘိုရီက နယ်စပ်ဂိတ်ဖွင့်ပွဲအခမ်း အနားမှာ ခုလိုနယ်စပ်ဂိတ်ကို ပြန်လည်ဖွင့်လှစ်ခြင်းက ဤကြီးမားသောဂိတ်ကိုဖြတ်သန်း၍ ကုန်သွယ်ရေး ဖလှယ်မှုနဲ့ ရေနံသယ်ယူပို့ဆောင်ရေးကို ခွင့်ပြုလိမ့်မည်လို့ ပြောကြားခဲ့ပါတယ်။
အီရတ်နိုင်ငံဟာ သူ့ရဲ့ ဘဏ္ဍာရေးအသုံးစရိတ်ရဲ့ ၉၀ ရာခိုင်နှုန်းခန့်ကို ရေနံဝင်ငွေအပေါ် များစွာမှီခိုနေရတာပါ။ သူ့ရဲ့ပြည်ပတင်ပို့တဲ့ရေနံအများစုကို ပါရှန်ပင်လယ်ကွေ့ရဲ့ ကျဉ်းမြောင်းသောအဝနဲ့ ကမ္ဘာ့ရေနံ ၂၀ ရာခိုင်နှုန်း ပုံမှန်စီးဆင်းတင်ပို့ရာ အရေးကြီးသော ရေလမ်းကြောင်းတစ်ခုဖြစ်တဲ့ ဟောမုဇ်ရေလက်ကြားမှတစ်ဆင့် တင်ပို့နေတာပါ။
အခုအခါမှာတော့ အမေရိကန်-အီရန်စစ်ပွဲအတွင်း ပိတ်ဆို့ခံထားရတဲ့ ဟောမုဇ်ရေလက်ကြားအစား သူ့ရဲ့ရေနံတွေ ပြည်ပတင်ပို့ဖို့ လမ်းကြောင်းတစ်ခုကို အီရတ်အနေနဲ့ လိုအပ်နေတာပါ။
Ref- AP
