◾️ အစိုးရသက်တမ်း ငါးနှစ်တာကာလအတွင်း ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ဆောင်ရွက်သွားမည်

၂၀. ၄. ၂၀၂၆
Written by Nyein Kyaw
နိုင်ငံတော်၏ ပညာရေးကဏ္ဍတိုးတက်လာစေရေးအတွက် မိမိတို့အနေဖြင့် နိုင်ငံတော်ဘဏ္ဍာငွေများကို ပညာရေးကဏ္ဍတွင် ပိုမိုတိုးမြှင့်ရင်းနှီးမြှုပ်နှံ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ပညာရေးကဏ္ဍ တိုးတက်ရေးအတွက် ၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ပညာရေးဝန်ကြီးဌာနအတွက် နိုင်ငံတော်ဘဏ္ဍာငွေ၏ ၆ ဒသမ ၉၂ ရာခိုင်နှုန်း၊ အခြားဝန်ကြီးဌာနများရှိ ပညာရေးကဏ္ဍများ ပါဝင်ပါက နိုင်ငံတော်ဘဏ္ဍာငွေမှ ၉ ဒသမ ၂၂ ရာခိုင်နှုန်းကို အသုံးပြုသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတွင် ပြောကြားသည်။
လာမည့်ဘဏ္ဍာရေးနှစ်တွင်လည်း ပညာရေးကဏ္ဍအတွက် နိုင်ငံတော်ဘဏ္ဍာငွေ၏ ၁၀ ရာခိုင်နှုန်းထက်မနည်း တိုးမြှင့်အသုံးပြုသွားမည်ဖြစ်ပြီး လာမည့်တစ်နှစ်ကျော်တွင် နိုင်ငံတော်ဘဏ္ဍာငွေ၏ ၁၅ ရာခိုင်နှုန်းအထိ တိုးမြှင့်အသုံးပြုသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
မိမိတို့အစိုးရအဖွဲ့ တာဝန်ယူဆောင်ရွက်သည့် ငါးနှစ်တာကာလအတွင်း ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့သို့ပညာရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်ခြင်းသည် နိုင်ငံတော်၏အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံခြင်းပင်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
