
◾️တောင်သူလယ်သမားများအတွက် ချေးငွေများတိုးမြှင့်ထုတ်ပေးသွားမည်ဖြစ်ပြီး ပို့ကုန်နှစ်ဆတိုးမြှင့်ရေးအတွက်လည်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အနေဖြင့် သိုလှောင်ရုံများကို ဦးစားပေးတည်ဆောက်သွားမည်ဟု သိရ
◾️ဆက်သွယ်ရေးကဏ္ဍနှင့်ပတ်သက်၍ မိုဘိုင်းစခန်းအသစ် ၂၇ ခုကို ယခုရက် ၁၀၀ အတွင်း တိုးချဲ့ပေးသွားမည်ဖြစ်ပြီး မိုဘိုင်းစခန်း ၉ ခု၌ 4 G LTE အဆင့်သို့ မြှင့်တင်ပေးသွားမည်
◾️ပို့ဆောင်ရေးကဏ္ဍတွင် ရထားလမ်းများနှင့် ရထားများအဆင့်မြှင့်တင်ခြင်းအပြင် ပညာရေး၊ ကျန်းမာရေး ကဏ္ဍများအတွက်လည်း ထည့်သွင်းပြောကြား
၂၀. ၄. ၂၀၂၆
Written by Nyein Kyaw
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားပြီး အစိုးရအဖွဲ့အနေဖြင့် ယနေ့မှစ၍ ရက်ပေါင်း ၁၀၀ အတွင်း ဆောင်ရွက်ပေးသွားမည့်ကိစ္စရပ်များအား ထည့်သွင်းပြောကြားသည်။
ယင်းကဲ့သို့ ပြောကြားရာတွင် အစိုးရအဖွဲ့အနေဖြင့် ယနေ့မှစ၍ ရက်ပေါင်း ၁၀၀ အတွင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအနေဖြင့် တောင်သူလယ်သမားများကို ချေးငွေ နှုန်းထားတိုးမြှင့်ရေးစီမံချက်အနေဖြင့် ချေးငွေများတိုးမြှင့်ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ ဥပမာအားဖြင့် စပါး၊ ဂျုံ၊ ချည်မျှင်ရှည်ဝါတို့နှင့် ပတ်သက်၍ ၃ သိန်းအထိလည်းကောင်း၊ အခြားသီးနှံ ၁၈ မျိုးကို ၂ သိန်းခွဲအထိလည်းကောင်း၊ ပန်းနှမ်း၊ ဆီ မုန်ညှင်း၊ ဂုံလျှော် တို့နှင့်ပတ်သက်၍ တစ်သိန်းခွဲအထိလည်းကောင်း တိုးမြှင့်ချေးပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
အလားတူ လယ်ယာသုံးစက်ကိရိယာချေးငွေနှင့် ပတ်သက်၍ ကျပ်သိန်း ၃၀၀၀ အထိ တစ်ကဏ္ဍပေးမည်ဖြစ်ပြီး ကျပ်သိန်း ၃,၀၀၀ အထက်ဖြစ်ပါက တစ်ကဏ္ဍပေးမည်ဖြစ်ကြောင်း၊ လမ်းပန်းဆက်သွယ်ရေးနှင့်ပတ်သက်၍ အနီးစခန်း လေဆိပ်အဆင့်မြှင့်တင်ခြင်းကို ပြီးပြတ်အောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
ထို့အတူ ပို့ကုန်နှစ်ဆ တိုးမြှင့်ရေးနှင့်ပတ်သက်၍ ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အနေဖြင့် သိုလှောင်ရုံများကို ဦးစားပေးအနေဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ အလားတူ ရထားလမ်းများ ကောင်းမွန်ရေးအတွက် ရထားလမ်းများအားလုံးကို တတ်နိုင်သရွေ့ အဆင့်မြှင့်တင်ပေးသွားမည်ဖြစ်ပြီး လတ်တလောတွင် ရန်ကုန်-မန္တလေးလမ်း၊ ရန်ကုန်-မော်လမြိုင်လမ်း၊ ရန်ကုန်-ပြည်လမ်းတို့ကို အဆင့်မြှင့်တင်ပေးသွားမည်ဖြစ်ကြောင်း၊ မြစ်ကြီးနား-မိုးကောင်း-မိုးညှင်း ရထားလမ်း၌လည်း တံတားပြင်ဆင်ခြင်းများ၊ လမ်းပြင်ဆင်ခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ရထားလမ်းများအပြင် ရထားစက်ခေါင်းများ၊ တွဲများ၊ စက်ရုံများ အဆင့်မြှင့်တင်ခြင်းများကိုလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
ထို့ပြင် ဆက်သွယ်ရေးကဏ္ဍနှင့်ပတ်သက်၍ မိုဘိုင်းစခန်းအသစ် ၂၇ ခုကို ယခုရက် ၁၀၀ အတွင်း တိုးချဲ့ပေးသွားမည်ဖြစ်ကြောင်း၊ မိုဘိုင်းစခန်း ၉ ခု၌ 4 G LTE အဆင့်သို့ မြှင့်တင်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
ယင်းပြင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် ကျေးလက်ရေ ရရှိရေးလုပ်ငန်း၊ ဆိုလာရေတင်စနစ်ဖြင့် သောက်သုံးရေနှင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်းတို့ကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် သုတေသန စွမ်းရည်မြှင့်တင်သည့် ရှေ့ပြေးတက္ကသိုလ်များကို တည်ဆောက်ပေးသွားမည်ဖြစ်ပြီး အဓိကအားဖြင့် Nay Pyi Taw State Academy ၊ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်တို့တွင် Research and Activation များကို ရှေ့ပြေးတက္ကသိုလ်များအဖြစ် သတ်မှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
လာမည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှစ၍ အလယ်တန်းပညာအဆင့်တွင် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးပညာရပ်များကို ထည့်သွင်းသင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ ပြည်သူ့နီတိနှင့် စာရိတ္တပညာရပ်များကိုလည်း အခြေခံပညာကျောင်းများတွင် အဓိကအနေဖြင့် လူငယ်များ အကျင့်စာရိတ္တမြင့်မားစေရေးအတွက် ထည့်သွင်းသင်ကြားပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
ဗလငါးတန်နှင့် ပြည့်ဝသည့်ကျောင်းသားများ ဖြစ်စေရေးအတွက် အခြေခံပညာကဏ္ဍတွင် Smart School နှင့် Football for School Program ကိုလည်း အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့နှင့် ပေါင်းစပ်၍ ရက်ပေါင်း ၁၀၀ အတွင်း ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနှင့် ရှမ်းပြည်နယ်တို့အတွင်းရှိ ကျောင်းများ၌ Pilot Project အနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မူကြိုကျောင်းများကို အဆင့်မြှင့်တင် ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်နယ်နှင့်တိုင်း၊ ခရိုင်၊ မြို့နယ် ၅၀ တွင် ဒုတိယကျန်းမာရေးဦးစီးမှူးများ ခန့်အပ်၍ ကျန်းမာရေးမြှင့်တင်မှုများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့တို့ရှိ နှလုံးဆေးကုသရေးဌာနများတွင် လူနာတစ်သိန်းအတွက် နှလုံးရောဂါကာကွယ်ရေးအန္တရာယ် အကဲဖြတ်ပေးသည့် ဆေးကုသမှုများကို တရုတ်နိုင်ငံနှင့် ပူးပေါင်း၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိသူနာပြုကျောင်းများကိုလည်း သူနာပြုသိပ္ပံများအဖြစ် အဆင့်မြှင့်တင်သွားမည် ဖြစ်ကြောင်း၊ အခြားကဏ္ဍပေါင်းစုံ တိုးတက်ရေးအတွက်လည်း မိမိတို့အနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
မိမိတို့အစိုးရအဖွဲ့အနေဖြင့် တိုင်းပြည်အတွက်ကောင်းအောင် ဆောင်ရွက်ရာတွင် တစ်ဦးချင်း၏ ဖြတ်သန်းလာခဲ့သည့် အတွေ့အကြုံများဖြင့်ပေါင်းစပ်၍ အကောင်း ဆုံးဖြစ်အောင်ဆောင်ရွက်ပြီး နိုင်ငံနှင့်ပြည်သူ့အကျိုးအတွက် ဖော်ဆောင်ပေးနိုင်ရန်လိုကြောင်း၊ တိုင်းပြည်အတွက် ကောင်းအောင်ဆောင်ရွက်သွားကြမည်ဟူသည့်စိတ်ဖြင့် ကြံစည်လုပ်ကိုင်ဆောင်ရွက်သွားကြစေလိုကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
