






၂၀.၄.၂၀၂၆
Written by Linn Eain
သာကေတမြို့နယ် ၄/တောင်ရပ်ကွက်၊ အောင်သစ္စာလမ်း ၅ လမ်းနှင့် ၆ လမ်းကြား လူမနေသည့်အိမ်အနောက်မှ လမ်းပေါ်သို့ ကြွေပန်းကန်၊ ကြွေခွက်များဖြင့် ပစ်ပေါက်မှု ကျူးလွန်သူရှာမတွေ့ဘဲ စိတ်ဝင်တစားလာရောက်ကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကို လူမှုကွန်ရက်စာမျက်နှာများတွင် ပုဏ္ဏကတိုက်သဏ္ဌာန်နှင့် တူသယောင် ပြောဆိုရေးသားမှုများရှိသော်လည်း စိတ်ဝင်တစားလာရောက်ကြည့်ရှုသူများကိုမူ လက်ခံဖွယ်မရှိဘဲ ထိုသို့ကြွေပန်းကန်လုံးများ နေ့စဉ်ရက်ဆက်ပစ်ပေါက်နေမှု၏ အကြောင်းအရင်းကိုသာသိလိုကြောင်း ပြောကြားခဲ့သည်။
သာကေတမြို့နယ် ၄/တောင်ရပ်ကွက်၊ အောင်သစ္စာ ၅ လမ်းတွင် နေထိုင်သူတစ်ဦးက “ ဒီလိုဖြစ်နေတာ ၁၅ ရက်၊ ရက် ၂၀ နီးပါးလောက်ကြာနေပြီ။ ဧပြီလအစ လောက်ထဲကဖြစ်တာ။ အစက လူတွေ တော်တော်လန့်ကြတယ်။ နေ့လယ်ခင်း ၂ နာရီခွဲ၊ ၃ နာရီလောက်ဆိုရင် လမ်းပေါ်ကို ကြွေပန်းကန်လုံးတွေ၊ ပန်းကန်တွေ တစ်ယောက်ယောက်က ပစ်လိုက်သလို ကွဲကုန်တာ။ လမ်းသွားလမ်းလာကို ထိခိုက်တာတော့ မရှိသေးဘူး။ ညဆိုရင် ၆ နာရီခွဲ၊ ၇ နာရီလောက်ဆိုရင် ပစ်ပြီ။ ဒါပေမဲ့ ဘယ်သူက ဘယ်လိုပစ်လိုက်တာလဲဆိုတာကို ရှာနေတာ မတွေ့သေးဘူး။ အရင်နေ့တွေကဆို ရဲတွေလည်း လာသွားတယ်။ ဘယ်သူပစ်လဲဆိုတာကို ရှာလို့မတွေ့သေးဘူး “ ဟု ပြောသည်။
သာကေတမြို့နယ် ၄/တောင်ရပ်ကွက် ပြည်တော်အေးလမ်းနှင့် အောင်သစ္စာ ၅ လမ်းထိပ်ရှိ နေအိမ်မှာ လူနေထိုင်ခြင်းမရှိသည့် အိမ်အိုအိမ်ဟောင်းဖြစ်ပြီး ပြည်တော်အေးလမ်းနှင့် အောင်သစ္စာ ၆ လမ်းထိပ်ရှိ လူနေအထပ်မြင့်တိုက်မှာ အခင်းဖြစ်နေ့များက လူနေထိုင်မရှိဘဲ ဧပြီ ၂၀ ရက်မှသာ နေထိုင်သူများ ခရီးမှပြန်လည်ရောက်ရှိလာကြောင်း ရပ်ကွက်နေထိုင်သူများ၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ အိမ်နှစ်လုံး၏ နောက်ဖမ်းလမ်းကြားနေရာတွင်လည်း ရှာဖွေမှုများပြုလုပ်ထားပြီး ချုံနွယ်၊ အပင်များခုတ်ထွင်ရှင်းလင်းထားသလို ယနေ့ ဧပြီ ၂၀ ရက်၊ ညနေပိုင်းတွင်လည်း ရပ်ကွက်နေသူများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ အကြောင်းအရင်းနှင့် ကျူးလွန်သူကို ရှာဖွေလျက်ရှိကြောင်း သိရသည်။
သာကေတမြို့နယ်တွင် နေထိုင်သူတစ်ဦးက “ အင်တာနက်လိုင်းပေါ်မှာတွေ့လို့ လာကြည့်တာ။ ညနေက ကော်ဖီခွက်တစ်ခွက် ကျလာတာ တွေ့လိုက်တယ်။ အရှိန်ပြင်းပေမဲ့ ခွက်မကွဲသွားဘူး။ ဘယ်သူလုပ်တာလဲဆိုတာ အခုထိမသိဘူး။ လိုင်းပေါ်မှာ ပြောသလို ပုဏ္ဏကတိုက်တယ်၊ မတိုက်ဘူးဆိုတာတော့ သေချာတော့ မသိဘူး။ ဒါပေမဲ့ အဲဒီလိုလာကြည့်ကြတဲ့လူတွေက မြင်တဲ့အတိုင်းပဲ အများကြီးပဲ။ ကြောက်လန့်တာမျိုးလည်း မရှိဘူး။ အဓိကက ဘာဖြစ်လို့ ဒီလိုဖြစ်တာလဲဆိုတာကို စိတ်ဝင်စားလို့လာကြည့်တာနဲ့ လူကတော်တော်များနေတာ “ ဟု ပြောကြားခဲ့သည်။
အဆိုပါဖြစ်စဉ်အပေါ် အမျိုးမျိုးသုံးသပ်မှုများရှိနေပြီး ထိုကဲ့သို့ လူသွားလမ်းပေါ် အန္တရာယ်ရှိပစ္စည်းများ ပိုင်ရှင်မရှိဘဲ ကျရောက်လွှင့်ပစ်နေမှုသည် ကလေးငယ်၊ သက်ကြီးရွယ်အိုများအတွက် အန္တရာယ်ရှိကာ တာဝန်ရှိသူများအနေဖြင့် ဖော်ထုတ်ပေးသင့်ကြောင်းလည်း ရပ်ကွက်နေသူများက ပြောကြားခဲ့သည်။
