◾️ PDF များကိုလည်း အစိုးရအဖွဲ့ ရက်ပေါင်း ၁၀၀ နောက်ဆုံးရက်ဖြစ်သည့် ဇူလိုင် ၃၁ ရက် နောက်ဆုံးထား ငြိမ်းချမ်းရေးအတွက် လာရောက်ရန်ပါ ပြောကြား
၂၀. ၄. ၂၀၂၆
Written by Nyein Kyaw
NCA လက်မှတ် မထိုးရသေးသည့် EAO အဖွဲ့များနှင့် လက်မှတ်ရေးထိုးထားသော်လည်း ပြီးခဲ့သည့် ငါးနှစ်အတွင်း တွေ့ဆုံဆွေးနွေးမှုမပြုရသေးသည့် EAO အဖွဲ့များအားလုံး အစိုးရအဖွဲ့ ရက်ပေါင်း ၁၀၀ ဖြစ်သည့် ဇူလိုင် ၃၁ ရက် နောက်ဆုံးထားဆွေးနွေးရန် ဖိတ်ခေါ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတွင် ပြောကြားသည်။
နိုင်ငံတော်သမ္မတက အစိုးရအဖွဲ့ရက်ပေါင်း ၁၀၀ နှင့်ပတ်သက်၍ ဦးစားပေးဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ပြောကြားရာတွင် “ရက် ၁၀၀ ဆိုတော့ ဒီနေ့က ၂၀ ရက်ပေါ့၊ မှတ်ရလွယ်ပါတယ်။ ဇူလိုင်လ ၃၁ ရက်နေ့က ရက် ၁၀၀ လို့ သတ်မှတ်လိုက်ပေါ့။ ဇူလိုင် ၃၁ ရက်နေ့နောက်ဆုံးထားပြီးတော့ ရက် ၁၀၀ နဲ့ ပတ်သက်ပြီး ကျွန်တော် နည်းနည်းပြောချင်ပါတယ်။ ခုနက ပြောတဲ့ PDF နဲ့ပတ်သက်ပြီးတော့ PDF ကတော့ ကျွန်တော်တို့ ဒီတွေ့ဆုံဆွေးနွေးခြင်းနဲ့ ငြိမ်းချမ်းရေးအတွက် အလင်းဝင်ဖို့လည်း ပြောထားတာရှိပါတယ်။ အခုလည်း အလင်းဝင်တာတွေ အများကြီးရှိပါတယ်။ လပခနယ်မြေတို၊ တပခ နယ်မြေတိုဆိုရင် အလင်းဝင်ကြတာတွေ အများကြီးပဲရှိတယ်။ လပခကတော့ ပိုများတာပေါ့။ ရာနဲ့ချီပြီးတော့ ဝင်ကြတယ်။ ဒါ့ထက်လည်း လာဖို့အတွက် သူတို့တောင်းဆိုနေတာတွေလည်း ရှိပါတယ်။ ကျွန်တော်တို့က ကြိုဆိုပါတယ်။ PDF နဲ့ပတ်သက်ပြီးတော့။ ရက်ပေါင်း ၁၀၀ အတွင်းမှာ လာပြီးတော့ ငြိမ်းချမ်းရေးအတွက်လာကြပါ” ဟု ပြောကြားသည်။
ထို့ပြင် EAO များနှင့် ပတ်သက်ပြီး နိုင်ငံတော်သမ္မတက ပြောကြားရာတွင်လည်း “EAO နဲ့ ပတ်သက်ပြီးတော့ နှစ်ပိုင်းရှိပါတယ်။ တစ်ပိုင်းကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းထဲမှာ NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေရှိတယ်။ NCA လက်မှတ်ရေးထိုးထားခြင်းမပြုတဲ့ အဖွဲ့တွေရှိတယ်။ အဲ့ဒီတော့ ကျွန်တော် နှစ်ဖွဲ့လုံးကို ဖိတ်ခေါ်ပါတယ်။ NCA နဲ့ပတ်သက်တဲ့ ငြိမ်းချမ်းရေး လက်မှတ်မရေးထိုးထားတဲ့ အဖွဲ့တွေကိုလည်း ဖိတ်ခေါ်ပါတယ်။ ဇူလိုင် ၃၁ ရက်နေ့မတိုင်မီမှာ တွေ့ဆုံဆွေးနွေးဖို့အတွက် ဖိတ်ခေါ်ပါတယ်။ ဒါလက်မှတ်မရေးထိုးထားတဲ့အဖွဲ့ပေါ့။ မနက်ဖြန်ကြရင်လည်း ကျွန်တော်တို့ ကြေညာချက်တွေထုတ်မှာဖြစ်ပါတယ်။ ဒါလေး ကြိုပြီးကျွန်တော်ပြောပါတယ်။ နောက်တစ်ခုက လက်မှတ်ရေးထိုးထားတာပေါ့။ လက်မှတ်ရေးထိုးထားပြီးတော့မှ ဒီ ၅ နှစ်အတွင်းမှာ တွေ့ဆုံခြင်းမပြုတဲ့အဖွဲတွေရှိတယ်။ ဥပမာအားဖြင့် KNU တို့၊ CNF တို့ ABSDF တို့ အဖွဲ့တွေ ကျွန်တော်တို့ ဖိတ်ခေါ်ပါတယ်။ ဘာလုပ်ချင်လဲ ဆွေးနွေးဖို့တော့ ကျွန်တော်တို့ EAO တွေကို ဖိတ်ခေါ်ပါတယ်။ နောက် လက်မှတ်ရေးထိုးထားပြီးတော့မှ သဘောတူညီချက်ယူထားတာတွေရှိတယ်။ ဥပမာအားဖြင့် ၄၃ ချက် သဘောတူညီထားတာရှိတယ်။ NCA လက်မှတ်ရေးထိုးပြီးတော့မှ ဆွေးနွေးခဲ့တဲ့အထဲမှာ Union Accord ရထားတဲ့ သဘောတူညီချက်တွေရှိတယ်။ အဲ့ဒါကိုလည်း လာမယ့် ပြည်ထောင်စုလွှတ်တော်တွေမှာ တင်ပြပြီးတော့ အပိုင်းလိုက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ခုနကပြောတဲ့ တွေ့ဆုံဆွေးနွေးခြင်းမပြုရသေးတဲ့ အဖွဲ့တွေလည်း တွေ့ဆုံဆွေးနွေးဖို့အတွက် ဇူလိုင်လ ၃၁ ရက်နောက်ဆုံးထားပြီးတော့ ဆွေးနွေးဖို့အတွက် ကျွန်တော်တို့ ဖိတ်ခေါ်ပါတယ်” ဟု ပြောကြားသည်။
တိုင်းပြည် တည်ငြိမ်အေးချမ်းမှုမရှိပါက ဖွံ့ဖြိုးရေးကိစ္စရပ်ဆိုသည်မှာ မည်သို့မှလုပ်၍မရကြောင်း၊ ငြိမ်းချမ်းရေးလုပ်မှသာ၊ တည်ငြိမ်အေးချမ်းမှုရှိမှသာ ဖွံဖြိုးရေးလုပ်ငန်းလုပ်၍ရကြောင်း၊ ထို့ကြောင့် ငြိမ်းချမ်းရေးတွင်လည်း မဖြစ်နိုင်ခြင်းများကို လျှောက်တောင်းဆိုပြီးတော့မှ ကိုယ့်အဖွဲ့အစည်းတည်တံ့ခိုင်မြဲရေးအတွက် လုပ်နေမည်ဆိုပါက မှားသွားမည်ဖြစ်ကြောင်း၊ လုပ်သင့်လုပ်ထိုက်သည်များကို နိုင်ငံတော်အနေဖြင့် လုပ်ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
“ဒါကြောင့် EAO တွေမှာလည်း NCA လက်မှတ် ရေးထိုးထားတဲ့အဖွဲ့တွေရော၊ NCA လက်မှတ်ရေးထိုးထားခြင်းမပြုတဲ့ အဖွဲ့တွေရော ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ ဖိတ်ခေါ်ပါတယ်။ ဇူလိုင် ၃၁ ရက်နေ့ မတိုင်မီမှာ တွေ့ဆုံဆွေးနွေးမှုတွေလုပ်ပါမယ်။ ဒီလိုပဲ PDF နဲ့ပတ်သက်လို့ရှိရင်လည်း ဒီကာလအတွင်းမှာ ဥပဒေဘောင်အတွင်း ဝင်လာကြဖို ဖိတ်ခေါ်ပါတယ်။ နိုင်ငံရေးအရလည်း ဘာမှခိုင်လုံတဲ့အကြောင်းပြချက်မဟုတ်ပါဘူး။ အဖွင့်မှာပြောခဲ့သလိုပဲ အသုံးချခံနေရလို့သာဖြစ်နေကြတာပဲဖြစ်ပါတယ်။ ဒါကြောင့် အသုံးချ မခံရအောင်နေကြဖို့ ပြောလိုပါတယ်” ဟု နိုင်ငံတော်သမ္မတက ဆက်လက် ပြောကြားသည်။
