
၂၀.၄.၂၀၂၆
Written By Min Thet
ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့အနီး နွန်ထဘူရီခရိုင်ရှိကော်ဖီဆိုင်တစ်ဆိုင်တွင် အိမ်သာတက်ကြသည့် အမျိုးသမီး ၃၀ ကျော်အား ဗီဒီယိုခိုးရိုက်ခဲ့သည့် မြန်မာလုပ်သားတစ်ဦး Bang Sri Muang ရဲစခန်းမှ ဖမ်းဆီး ထိန်းသိမ်းထားကြောင်း သိရသည်။
ယမန်နေ့ ဧပြီလ ၁၉ ရက်က အဆိုပါကော်ဖီဆိုင်တွင် ဗီဒီယိုခိုးရိုက်ခံခဲ့ရသည့် အသက် ၁၇ နှစ်အရွယ် အမျိုး သမီးငယ်တစ်ဦးက တရားခံ၏လုပ်ရပ်ကို ဖမ်းမိခဲ့ရာမှ ကျူးလွန်မှု ပေါ်ပေါက်ခဲ့ရခြင်းဖြစ်ကြောင်းလည်း သိရသည်။
ကော်ဖီဆိုင်၌ အမျိုးသမီးငယ်တစ်ဦး ဗီဒီယိုခိုးရိုက်ခံခဲ့ရသည့် အမှုကို တိုင်ကြားခဲ့သောကြောင့် ယနေ့ ဧပြီလ ၂၀ ရက်တွင် Bang Sri Muang ရဲစခန်းမှ ရဲအရာရှိ၊ ရဲမှူးကြီး Phumsit Tangwitdecha၊ ဒု-ရဲမှူးကြီး Ekaphon Deephliphol နှင့် ရဲတပ်ဖွဲ့ဝင်များ ဦးဆောင်သော မှုခင်းတားဆီးနှိမ်နှင်းရေး တပ်ဖွဲ့ဝင်များ၊ ဒု-စစ်ဆေးရေး အရာရှိ ဒု-ရဲမှူး၊ Surach Suphan, Lt. Chamnan Srithaikaew နှင့် ရဲတပ်ဖွဲ့ဝင်များက အခင်းဖြစ် ကော်ဖီဆိုင် သို့ သွားရောက် စစ်ဆေးခဲ့သည်။
သွားရောက်စစ်ဆေးစဉ် ပြစ်မှုကျူးလွန်သည်ဟု သံသယရှိသူမှာ အသက် ၂၁ နှစ်အရွယ် မြန်မာနိုင်ငံသား စောညီညီနိုင် (ခေါ်) Mr. Be ဆိုသူ ဖြစ်ပြီး အခင်းဖြစ်ရာ ကော်ဖီဆိုင်တွင် လွန်ခဲ့သည့် နှစ်နစ်ခန့်ကတည်းက အလုပ်လုပ်ကိုင်နေသူ ဖြစ်ကြောင်း သိရသည်။
စောညီညီနိုင်က ဝန်ခံသည့်အတွက် ရဲတပ်ဖွဲ့က စောညီညီနိုင်၏ လက်ကိုင်ဖုန်းကို ကနဦး စစ်ဆေးရာ လွန်ခဲ့ သည့် သုံးလကျော်က ကော်ဖီဆိုင်သို့ လာရောက်ခဲ့သည့် စားသုံးသူများကိုလည်း လျှို့ဝှက် ဗီဒီယိုရိုက်ကူးထားသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။
ယင်းနောက်ဗီဒီယိုများကို ဖျက်မပစ်ဘဲ သိမ်းဆည်းထားပြီး ကြည့်ရှုခဲ့ကြောင်း၊ ထို့အပြင် လျှို့ဝှက်ရိုက်ကူးထားသော ဗီဒီယိုများကို မျှဝေနေသည့် တယ်လီဂရမ်အဖွဲ့တွင်လည်း စောညီညီနိုင် ပါဝင်နေကြောင်း ထပ်မံစုံစမ်းသိရှိရသောကြောင့် ဗီဒီယိုများကို ရောင်းချနေသည်ဟုလည်း ရဲတပ်ဖွဲ့အနေ ဖြင့် သံသယရှိနေကြောင်း သိရသည်။
အလားတူ စောညီညီနိုင် က ၎င်း၏ ချစ်သူရည်းစားနှင့် လိင်ဆက်ဆံနေပုံကို ရိုက်ကူးထားသည်ကိုလည်း လက်ကိုင်ဖုန်းအတွင်းက တွေ့ရှိခဲ့ကြောင်း၊ ထို့ကြောင့် အဆိုပါ ကော်ဖီဆိုင်သို့ လာရောက်သည့် အမျိုးသမီး ဖောက်သည်များအား ရိုက်ကူးထားခြင်း ရှိမရှိ စစ်ဆေးရာ သန့်စင်ခန်းကို အသုံးပြုနေသည့် အခြားသော အမျိုးသမီး ဖောက်သည် ၃၀ ကျော်ကိုလည်း ရိုက်ကူးထားကြောင်း ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ကြောင်း သိရသည်။
ယခုအခါ စောညီညီနိုင်အား ရဲစခန်းတွင် ထိန်းသိမ်းထားပြီး စစ်ဆေးမှုများ ပြီးစီးပါက ထိုင်းနိုင်ငံ ဥပဒေအရ အရေးယူမည် ဖြစ်ကြောင်း သိရသည်။
