

၂၀.၄.၂၀၂၆
Written by KL
မီးပူတိုက်ပြီး မီးခလုတ်ပိတ်ရန် မေ့လျော့ခဲ့ရာမှ အပူလွန်ကဲကာ နေအိမ်နှစ်လုံး မီးလောင်မှု ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ်(၁၄)ရပ်ကွက်၊ ဥမ္မာဒန္တီ (၂) လမ်းတွင် ဧပြီလ ၁၉ ရက် နံနက် ၂ နာရီ ၁၅ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။
၁၃ မိနစ်ကြာ လောင်ကျွမ်းခဲ့သော မီးလောင်မှုကြောင့် အလျား ၁၅ ပေ၊ အနံ ပေ ၅၀ရှိ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်းတစ်ထပ် နေအိမ်နှစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
နေအိမ်နှစ်လုံးမီးလောင်မှုကို မီးငြှိမ်းသတ်ယာဉ် ငါးစီး၊ ရေသယ်ယာဉ် လေးစီးနှင့် သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းဝင်များက သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၂ နာရီ ၂၈ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
နေအိမ်မီးလောင်မှုကြောင့် အသက် ၂၄ နှစ်အရွယ် မဇာဇာလင်းကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၂၈၅ ဖြင့် ပုသိမ်နယ်မြေရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
အလားတူ ဧပြီလ ၁၇ ရက် နံနက် ၁ နာရီ ၃၅ မိနစ်ခန့်ကလည်း ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ သဲဖြူကျေးရွာတွင် မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် အနီးရှိ ပျဉ်အကာသို့ မီးကူးစက်ရာမှ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်းတစ်ထပ်နေအိမ် နှစ်လုံး မီးလောင်ဆုံးရှုံးခဲ့သဖြင့် အသက် ၃၇နှစ်အရွယ် ဒေါ်လှလှရီကို ရာဇသတ်ကြီးဥဒေ ပုဒ်မ ၂၈၅ ဖြင့် သာပေါင်းမြို့မရဲစခန်းက အမှုဖွင့် အရေးယူထားသည်။
