




၂၁.၄.၂၀၂၆
Written by KL
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ဟုမ္မလင်းရပ်ကွက်၊ မြို့မဘုန်းကြီးကျောင်းကမ်းနားဆိပ်တွင် မြစ်လယ်၌ ရပ်ထားသော ဆီတင်သင်္ဘောများ မီးလောင်မှု ယမန်နေ့ ဧပြီလ ၂၀ရက် ညနေ
၆ နာရီ ၂၀ မိနစ်တွင် ဖြစ်ပွားခဲ့ရာ လူသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာ ရသူများလည်း ရှိနေပြီး ယနေ့ ဧပြီလ ၂၁ ရက်နေ့အထိ မီးဆက်လက်လောင်ကျွမ်းနေဆဲဖြစ်
ကြောင်း ဒေသခံများထံမှ သိရသည်။
“သိရသလောက် မော်တော် ၁၅ စီးကျော် ရပ်ထားတာ။ မော်တော် ဆယ်စီးကျော်နဲ့ ကားနှစ်စီးပါသွားတယ်။ လူအသေအပျောက်လည်းများနိုင်တယ်။ အခုထိ နှစ်ယောက်ဆုံးတယ်လို့ ကြားတယ်။ ဒဏ်ရာရသူတွေလည်း ဆယ်ဦးကျော်တယ်”ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
မြစ်လယ်တွင် ရပ်နားထားသော ဆီသင်္ဘောများ မီးလောင်သဖြင့် မီးတောက်ကြီးမားကာ ပေါက်ကွဲမှုများလည်း ဖြစ်ပေါ်သဖြင့် မီးငြှိမ်းသတ်ရာ၌ အခက်အခဲများရှိနေပြီး ယနေ့ နံနက်ပိုင်းအထိ မီးလောင်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။
သင်္ဘောများမီးလောင်မှုကို ဟုမ္မလင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၃ စီး၊ မီးသတ်ရေသယ်ယာဉ် ၁ စီး၊ သန္ဓေနှင့်အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းငြှိမ်းသတ်လျက်ရှိကြောင်း သိရသည်။
ရေယာဥ်များမီးလောင်ရသည့်အကြောင်းအရင်း၊ ပျက်စီးဆုံးရှုံးမှုများနှင့် ပတ်သက်၍ လတ်တလောတွင် မသိရှိရသေးပေ။
ယခုနှစ် မတ်လ ၂၉ ရက်ကလည်း ဟုမ္မလင်းမြို့ရှိ ဆိပ်ကမ်းတွင် မော်တော်ယာဉ်သုံးစီး မီးလောင်ခဲ့ကြောင်း သိရသည်။
