


၂၁.၄.၂၀၂၆
Translated by Htwe Ko Tun
မက္ကဆီကိုနိုင်ငံရဲ့ အကျော်ကြားဆုံး ခရီးသွားနေရာတွေထဲမှ တစ်ခုဖြစ်တဲ့ တီယိုတီဟွာကန်ပိရမစ်တွေမှာ သေနတ်သမားတစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် ကနေဒါအမျိုးသမီးတစ်ဦးသေဆုံးပြီး အခြားသူတွေပါ ဒဏ်ရာရရှိမှုတစ်ရပ် ဧပြီလ ၂၀ ရက်က ဖြစ်ပွားခဲ့ရပါတယ်။
ဗီဒီယိုဖိုင်တစ်ခုမှာ မက္ကဆီကိုစီးတီးအပြင်ဘက်ရှိ တီယိုတီဟွာကန်ပိရမစ်တွေမှာ သေနတ်သမားက ပိရမစ်တစ်ခုရဲ့ထိပ်မှ ပစ်ခတ်ခဲ့ပြီး လူတွေမှာလည်း ပုန်းအောင်းအကာအကွယ်ယူဖို့ နေရာ ရှာဖွေနေကြရတာကိုတွေ့ရပါတယ်။
အာဏာပိုင်တွေက ရုရှားနိုင်ငံသားတစ်ဦးနဲ့ ကိုလံဘီယာနိုင်ငံသားနှစ်ဦးတို့အပြင် ကနေဒါနိုင်ငံသားနှစ်ဦးလည်း ဒဏ်ရာရရှိခဲ့ပြီး တိုက်ခိုက်သူသေနတ်သမားက့ ပစ်ခတ်မှုအပြီးမှာ သူ့ကိုယ်သူ အဆုံးစီရင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ နောက်ထပ် လူနှစ်ဦးကလည်း ထိတ်လန့်တုန်လှုပ်လျက် လဲကျဒဏ်ရာရရှိနေလို့ ဆေးရုံကို့ ပို့ဆောင်ခဲ့ရပါတယ်။
လူအများအပြားက ကြောက်လန့်တကြား ခလုတ်တိုက်ပြီး ပိရမစ်လှေကားမှ ပြုတ်ကျခဲ့တယ်လို့လည်း ဆိုပါတယ်။ လုံခြုံရေးအရာရှိတွေ မရောက်မီ သေနတ်သံ ၂၀ မှ ၃၀ အထိ ကြားခဲ့ရတယ်လို့ ခရီးသွားလမ်းညွှန်တစ်ဦးက ပြောခဲ့ပါတယ်။
ပစ်ခတ်မှုအပြီးမှာ သေနတ်တစ်လက်၊ ဓားတစ်ချောင်းနဲ့ ကျည်ဆန်တွေကို တွေ့ရှိခဲ့တယ်လို့ အရာရှိတွေက ပြောကြားခဲ့ကြပါတယ်။
“တီယိုတီဟွာကန်မှာ ဒီနေ့ဖြစ်ပျက်ခဲ့တာက ကျွန်တော်တို့ကို အရမ်းနာကျင်စေတယ်” လို့ မက္ကဆီကို သမ္မတ ကလော်ဒီယာ ရှီးဘွမ်းက လူမှုမီဒီယာမှာ ပြောကြားခဲ့ပါတယ်။ သမ္မတက ထိခိုက်ခံရသူတွေနဲ့ သူတို့ရဲ့ မိသားစုတွေအတွက် အနက်ရှိုင်းဆုံး စာနာတယ်လို့လည်းဆိုခဲ့ပါတယ်။
တိုက်ခိုက်သူသေနတ်သမား မည်သူမည်ဝါဆိုတာ မထုတ်ပြန်သေးပါဘူး။
တစ်ရာစုနဲ့ ခုနစ်ရာစုကြားမှာ တည်ဆောက်ခဲ့တဲ့ တီယိုတီဟွာကန်ပိရမစ်တွေဟာ မက္ကဆီကိုရဲ့ အထင်ရှားဆုံး ခရီးသွားဆွဲဆောင်မှုတွေထဲမှ တစ်ခုဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က လာရောက်လည်ပတ်သူ ၁ ဒသမ ၈ သန်း ရှိခဲ့ပါတယ်။
Ref- Sky News
