၂၁. ၄. ၂၀၂၆
Written by Nyein Kyaw
ပြည်တွင်းထုတ် ဒီဇယ်ဆီများကို တောင်သူများထံသို့ အထူးသက်သာသောဈေးနှုန်း တစ်ဂါလန် ကျပ် ၁၀,၀၀၀ (တစ်လီတာ ကျပ် ၂,၆၀၀ ကျော်)ဖြင့် လုပ်ငန်းခွင်အရောက် ရောင်းချပေးလျက်ရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရတို့နှင့်ပူးပေါင်း၍ တောင်သူများကို စက်သုံးဆီအခက်အခဲ လျော့နည်းသက်သာစေရေးနှင့် ဈေးနှုန်းသက်သာစွာဖြင့် အလွယ်တကူဝယ်ယူရရှိနိုင်ရေးအတွက် ရောင်းချပေးလျက်ရှိသည်။
ယင်းကဲ့သို့ ရောင်းချပေးခဲ့ရာတွင် ၂၀၂၅-၂၀၂၆ ခုနှစ် နွေစပါးနှင့် ဆီထွက်သီးနှံ ထွန်ယက်စိုက်ပျိုးရန် ကျန်ရှိသော ကျေးရွာများသို့ ပြည်တွင်းထုတ်ဒီဇယ်ဆီ တစ်ဂါလန်လျှင် ငွေကျပ် ၁၀,၀၀၀ (တစ်လီတာ ကျပ် ၂,၆၀၀ ကျော်) နှုန်းဖြင့် လက်ငင်းငွေချေစနစ်ဖြင့် လုပ်ငန်းခွင်အရောက် တိုက်ရိုက်ဖြန့်ဖြူး ရောင်းချပေးလျက်ရှိသည်။
ဧပြီ ၂၀ ရက် ယမန်နေ့တွင် နေပြည်တော်ရှိ တပ်ကုန်းမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့တွင် စက်သုံးဆီဂါလန် ၆၅၀၊ ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်တွင် စက်သုံးဆီဂါလန် ၁၁၀၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အမရပူရ၊ ဝမ်းတွင်း၊ ပျော်ဘွယ်မြို့နယ်များတွင် စက်သုံးဆီ ၂,၂၇၁ ဂါလန်၊ မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တွင် ၄,၅၇၈ ဂါလန် စုစုပေါင်း ၇,၆၀၉ ဂါလန်အား လုပ်ငန်းခွင်အရောက် ဖြန့်ဖြူးရောင်းချခဲ့သည်။
ကျန်ရှိနေသည့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ တောင်သူများထံသို့ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်း၍ စက်သုံးဆီများကို လက်ငင်းငွေချေစနစ်ဖြင့် ဆက်လက်ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အရှေ့အလယ်ပိုင်း ပဋိပက္ခအခြေအနေများကြောင့် ကမ္ဘာလုံးဆိုင်ရာ စက်သုံးဆီအခက်အခဲ ဖြစ်ပေါ်နေ၍ မြန်မာနိုင်ငံတွင်လည်း စက်သုံးဆီဈေးနှုန်းများ မြင့်တက်လျက်ရှိရာ ယနေ့တွင် ပြည်တွင်း စက်သုံးဆီအရောင်းဆိုင်များ၌ ရိုးရိုးဒီဇယ် တစ်လီတာ ၆,၄၈၅ ကျပ် ( တစ်ဂါလန် ကျပ် ၂၄,၀၀၀ ကျော်) အထိ ဖြစ်ပေါ်လျက်ရှိသည်။
