၂၁.၄.၂၀၂၆
Written By Thandar
မကြာခင် ပိုလန်နိုင်ငံမှာကျင်းပမယ့် Miss Supranational 2026 ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ အလှမယ် ဇင်မိုးပြည့်က ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် အကောင်းဆုံး ကြိုတင်ပြင်ဆင်မှုတွေလုပ်ဆောင်နေပါတယ်လို့ ဖွင့်ဟလာပါတယ်။
“မိုးပြည့်က လာမယ့်ပြိုင်ပွဲကြီးအတွက် Catwalk ပိုင်းမှာ လေ့ကျင့်ပြင်ဆင်မှုတွေ အများကြီး လုပ်နေပါတယ်။ Catwalk Training ပိုင်းကို သေချာလေးပေါ့…ထိုင်းမှာလည်း သွားသင်ယူနေပါတယ်။ Language ပိုင်းလည်း ပြင်ဆင်နေပါတယ်။ မိုးပြည့်ရဲ့ လိုအပ်ချက်တွေ ပြင်ဆင်နေတယ်။ အမှန်အတိုင်းပြောရရင်တော့ ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း အပြည့်အဝ ကျေနပ်နေတယ်ဆိုတာ မရှိပါဘူး။ ထိုင်းက ဆရာကလည်း မိုးပြည့်ရဲ့ ပင်ကိုစတိုင်လည်း မပျောက်အောင်ရယ် ကိုယ့်ရဲ့လိုအပ်ချက်တွေ ထောက်ပြပေးတယ်ပေါ့နော်။ Catwalk ပိုင်းမှာလည်း တိုးတက်မှုရှိလာတာကိုမြင်ရပြီး ဒီထက်ပို လေ့ကျင့်ရင် ဒီထက်ပိုကောင်းတဲ့ ရလဒ်ရလာနိုင်မယ်လို့ ထင်ပါတယ်”လို့ Miss Supranational Myanmar 2026 အလှမယ် ဇင်မိုးပြည့်က ပြောပါတယ်။
အဆိုပါ ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် ဇင်မိုးပြည့်က ပြည်ပနိုင်ငံအသီးသီးက အလှမယ်တွေနဲ့အတူ ဝင်ပြိုင်ယှဉ်ပြိုင်ရမှာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ Miss Supranational 2025 က အလှမယ် ချယ်ရီမိုးရရှိထားခဲ့တာလည်းဖြစ်ပါတယ်။
“Knowledge ပိုင်းအနေနဲ့ မိုးပြည့်စာအုပ်တွေ ဖတ်တယ်။ Speaking ပိုင်းလည်း အားနည်းတာမို့လေ စာသေချာသင်နေတယ်။ ပိုပြီး Communication ကောင်းအောင်လို့လည်း စာကြိုးစားနေပါတယ်။ သေချာ အားစိုက်ကြိုးစားနေပါတယ်။ တော်တော်များများ ကိုယ့်အတွက် Challenge လည်း ဖြစ်လာတယ်။ အမှားနည်းအောင် သင်ယူလေ့လာရင်း ဖြည်းဖြည်းလေးနဲ့ မှန်မှန်လေးလုပ်နေပါတယ်”လို့ သူမက ဆက်ပြောပါတယ်။
Miss Supranational 2026 ပြိုင်ပွဲကြီးကို လာမယ့် ဇူလိုင် ၃၁ ရက်မှာ Grand Final ပွဲအနေနဲ့ ပိုလန်နိုင်ငံမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာလည်း ဖြစ်ပါတယ်။
