၂၁.၄.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုနဲ့ အီရန်နိုင်ငံတို့အကြား ဒုတိယအကျော့ဆွေးနွေးပွဲပြန်လည်စတင်ရေးက မသေချာလို့ သဘောတူညီချက်မရရှိဘူးဆိုရင် နှစ်ဖက်တိုက်ပွဲတွေ ပြန်လည်စတင်နိုင်တယ်လို့ မျှော်လင့်ရတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်က ဧပြီလ ၂၀ ရက်က ပြောကြားခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်က အီရန်နဲ့သဘောတူထားခဲ့တဲ့ ရက်သတ္တပတ်နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေးက ဝါရှင်တန်စံတော်ချိန် ဧပြီလ ၂၂ ရက် ညနေပိုင်းမှာ ပြီးဆုံးသွားမယ်လို့ ပြောကြားခဲ့ပြီး ထိုအချိန်မတိုင်မီ သဘောတူညီချက်မရရှိပါက အပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးဖို့က အလွန်ဖြစ်နိုင်ခြေနည်းတယ်လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။
သတင်းရင်းမြစ်တွေကတော့ ဒုတိယသမ္မတ ဂျေဒီဗန့်စ်နဲ့ အမေရိကန်ထိပ်တန်းအရာရှိတွေဟာ ဒုတိယအကျော့ဆွေးနွေးပွဲမတိုင်မီ ဧပြီလ ၂၂ ရက်မှာ ပါကစ္စတန်ကို ထွက်ခွာဖို့ မျှော်လင့်ရတယ်လို့ သတင်းတွေက ဖော်ပြကြပါတယ်။
ဧပြီလ ၂၁ ရက်နှောင်းပိုင်းက ဖုန်းဖြင့် မေးမြန်းမှုတစ်ခုမှာ ထရမ့်ပ်က အီရန်ဟာ ဆွေးနွေးပွဲ စားပွဲဝိုင်းကို လာရောက်မယ်လို့ ယုံကြည်တယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အခုအချိန်အထိ ဒုတိယအကျော့ဆွေးနွေးပွဲတွေ မရှိသေးဘူးလို့ ဧပြီလ ၂၀ ရက်က ပြောကြားခဲ့တာပါ။
ဒါ့ပြင် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်ရေတပ်က ဧပြီလ ၁၉ ရက်မှာ အိုမန်ပင်လယ်ကွေ့ မှာ ဖမ်းဆီးခဲ့တဲ့ အီရန်ကုန်တင်သင်္ဘောနဲ့ သင်္ဘောသားတွေ၊ ဝန်ထမ်းတွေ၊သူတို့ရဲ့မိသားစုတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။ ဒီလိုတင်းမာမှုတွေကြောင့် ဒုတိယအကျော့ဆွေးနွေးပွဲ ပြန်လည်စတင်ရေးက ပိုလို့ မသေမချာဖြစ်နေရပါတယ်။
တည်ငြိမ်မှုမရှိတဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်လို့ ရေယာဉ်မှူးတွေနဲ့ သင်္ဘောပိုင်ရှင်တွေမှာလည်း သတိထားနေကြရလို့ ဧပြီလ ၂၀ ရက်က ဟောမုဇ်ရေလက်ကြားကို သင်္ဘော ၁၆ စင်းသာ ဖြတ်သန်းခဲ့တယ်လို့ သိရပါတယ်။
တစ်ချိန်တည်းမှာပဲ အစ္စရေးနဲ့ လက်ဘနွန်အကြား ဒုတိယအကျော့ဆွေးနွေးပွဲကို ဧပြီလ ၂၃ ရက်မှာ ပြန်လည် ကျင်းပဖို့ စီစဉ်ထားတယ်လို့ အစ္စရေးနဲ့ အမေရိကန်အရာရှိတွေက ပြောကြားခဲ့ကြပါတယ်။
Ref- CNN
