သတိုး
၂၁. ၄. ၂၀၂၆
ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်နယ်အုပ်ချုပ်ရေးဦးစီးဌာနသည် ထိုင်း-မြန်မာနယ်စပ်ရှိ ပြည်နယ် ၄ ခုဖြစ်သော မယ်ဟောင်ဆောင်၊ ချင်းမိုင်၊ ချင်းရိုင်နှင့် တာ့ခ်ပြည်နယ်တို့မှ ခရိုင်အုပ်ချုပ်ရေးမှူးများနှင့် ဒေသန္တရအုပ်ချုပ်ရေးအရာရှိများထံသို့ အရေးပေါ်အမိန့်တစ်ရပ် ထုတ်ပြန်လိုက်ပြီး ယင်းအမိန့်တွင် လုံခြုံရေးအစီအမံများ တင်းကျပ်ရန်၊ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော တိုက်ပွဲများကို အနီးကပ်စောင့်ကြည့်ရန်နှင့် ထိခိုက်နစ်နာရသော ဒေသခံပြည်သူများအား ၂၄ နာရီပတ်လုံး အကူအညီပေးရန် ညွှန်ကြားထားသည်။
အဆိုပါအမိန့်သည် မြန်မာနိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေပြီး ထိုင်းနယ်စပ်တလျှောက်ရှိ ဧရိယာများကိုပါ လာရောက်ရိုက်ခတ်မှုများရှိနေချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။
ပြည်နယ်အုပ်ချုပ်ရေးဦးစီးဌာနသည် ခရိုင်အုပ်ချုပ်ရေးမှူးများအနေဖြင့် လုံခြုံရေးအေဂျင်စီများ၊ ကျေးရွာလူကြီးများ၊ ကျေးရွာသူကြီးများ၊ အရပ်ဘက်ကာကွယ်ရေးစေတနာ့ဝန်ထမ်းတပ်ဖွဲ့ဝင်များနှင့် ကျေးရွာလုံခြုံရေးအဖွဲ့များဖြင့် နီးကပ်စွာပူးပေါင်းပြီး အရေးပေါ်အစီအမံ ၃ ရပ်ကို ဆောင်ရွက်ရန် ညွှန်ကြားထားသည်။
ထို အစီအမံများမှာ
၁။ ကင်းလှည့်မှုနှင့် လူပုဂ္ဂိုလ်များအား စစ်ဆေးခြင်းကို အရှိန်မြှင့်ရန်
အရာရှိများအနေဖြင့် အချက်အခြာကျသော လမ်းကြောင်းများတွင် စစ်ဆေးရေးဂိတ်များ၊ စစ်ဆေးရေးစခန်းများနှင့် အမြန်တုံ့ပြန်နိုင်သော လှုပ်ရှားကင်းလှည့်အဖွဲ့များကို ထားရှိရန် အမိန့်ပေးထားသည်။ ယင်းအပြင်
- တရားမဝင် နယ်စပ်ဖြတ်ကျော် မှောင်ခိုလမ်းကြောင်းများ: ကျေးရွာများအဝင်အထွက်လမ်းကြောင်းများသာမက တရားမဝင်ဝင်ရောက်ရန် အသုံးပြုနိုင်သည့် နယ်စပ်ဝင်ပေါက်များကိုပါ စစ်ဆေးရန်။
- လူစိမ်းများကို စစ်ဆေးရန်: တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာနိုင်သည့် အဖွဲ့များ သို့မဟုတ် နိုင်ငံခြားသားများအပါအဝင် မသင်္ကာဖွယ်ရာပုဂ္ဂိုလ်များကို လူမှုအသိုင်းအဝိုင်းအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် တရားမဝင်လုပ်ရပ်များ မပြုလုပ်နိုင်ရန် စစ်ဆေးရန်။
- အခြေအနေများကို တင်ပြရန်: ဖြစ်ပေါ်တိုးတက်မှုများကို မိမိတို့၏ အထက်အရာရှိများထံ အဆင့်ဆင့်သော အုပ်ချုပ်မှုစနစ်အတိုင်း (Chain of command) အချိန်နှင့်တစ်ပြေးညီ တင်ပြရန်နှင့် ဒေသန္တရရဲတပ်ဖွဲ့နှင့် ချက်ချင်းညှိနှိုင်းကာ အခြေအနေကို သုံးသပ်ရန်ညွှန်ကြားထားသည်။
၂။ ပိုင်ဆိုင်မှုပျက်စီးဆုံးရှုံးမှုများအတွက် ကူညီကယ်ဆယ်ရေး အရှိန်မြှင့်ရန်
တိုက်ပွဲများကြောင့် ပြည်သူများ၏ နေအိမ် သို့မဟုတ် ပိုင်ဆိုင်မှုများ ထိခိုက်ခဲ့ပါက အရာရှိများအနေဖြင့် နှောင့်နှေးကြန့်ကြာမှုမရှိဘဲ ကူညီ ဆောင်ရွက်ရန် ညွှန်ကြားထားသည်။ ထိုညွှန်ကြားချက်တွင်
- နေအိမ်နှင့် ပိုင်ဆိုင်မှုများ ပျက်စီးမှုကို စစ်ဆေးရန် ဝန်ထမ်းများ ချက်ချင်းစေလွှတ်ရန်။
- တရားဝင်စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကနဦးအကူအညီများကို ထောက်ပံ့ပေးရန်။
- ရေရှည်ပြန်လည်ထူထောင်ရေးနှင့် ကူညီကယ်ဆယ်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ရန်။
၃။ အသက်အန္တရာယ်နှင့် ပြည်သူ့ကျန်းမာရေးကာကွယ်မှုကို ဦးစားပေးရန်
ဒဏ်ရာရရှိမှုများ သို့မဟုတ် အသက်အန္တရာယ် ခြိမ်းခြောက်မှုများ ရှိလာပါက အာဏာပိုင်များအနေဖြင့် ကျန်းမာရေးနှင့် အရေးပေါ်အကူအညီပေးရေးကို အမြင့်ဆုံးဦးစားပေးအဖြစ် သတ်မှတ်ရန်လည်း ညွှန်ကြားထားသည်။
- ကျန်းမာရေးစောင့်ရှောက်မှုများ ပေါင်းစပ်ဆောင်ရွက်ရန်: တိုက်ပွဲဒဏ်သင့်ဒေသများသို့ အမြန်ဆုံးရောက်ရှိနိုင်ရန် တိုက်နယ်ကျန်းမာရေးမြှင့်တင်မှုဆေးရုံများ၊ ကျေးရွာကျန်းမာရေးစေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်။
- လူနာလွှဲပြောင်းမှုများကို စနစ်တကျစီစဉ်ရန်: ဒဏ်ရာရရှိသူများကို ခရိုင်ဆေးရုံများ သို့မဟုတ် အခြားစွမ်းဆောင်ရည်ပြည့်ဝသော ဆေးဘက်ဆိုင်ရာဌာနများသို့ စနစ်တကျ လွှဲပြောင်းပေးပို့ရန် စီစဉ်ရန်။
စသည်ဖြင့် ညွှန်ကြားထားသည်။
ဤအစီအမံများသည် နယ်စပ်ဒေသတွင် နေထိုင်သော ထိုင်းပြည်သူများအတွက် ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန်နှင့် အမြင့်ဆုံးဘေးကင်းလုံခြုံမှုရှိစေရန် ရည်ရွယ်ကြောင်း ပြည်နယ်အုပ်ချုပ်ရေးဦးစီးဌာနက ပြောကြားခဲ့သည်။
ထို့အပြင် ထူးခြားသောဖြစ်စဉ်များ သို့မဟုတ် မသင်္ကာဖွယ်ရာပုဂ္ဂိုလ်များကို တွေ့ရှိပါက ပြည်သူ့တိုင်ကြားစာနှင့် ဝန်ဆောင်မှုဗဟိုဌာန (Damrongdhama Centre) Hotline သို့မဟုတ် နယ်မြေခံ အုပ်ချုပ်ရေးအာဏာပိုင်များထံ ချက်ချင်းသတင်းပို့ရန်လည်း ထပ်လောင်းအသိပေးထားသည်။
Ref : The Nation Thailand



