နေမိုး
၂၁. ၄. ၂၀၂၆
လက်နက်မဲ့ပြည်သူတွေကို အနိုင်ကျင့်နှိပ်စက်နေပြီဖြစ်တဲ့ NUG ဩဇာခံ PDF တွေဟာ သင်္ကြန်မှာရေကစားတဲ့ လက်နက်မဲ့ပြည်သူတွေကို ပြည်သူတွေက ဝယ်ယူပေးထားတဲ့ လက်နက်အားကိုးနဲ့ပဲ “မင်းတို့ ကိုကြီးတွေလာပြီ”လို့ ကြွေးကြော်ပြီး ခေါင်းရိုက်ခွဲလိုက်တယ်လို့ သိရပါတယ်
ဖြစ်စဥ်က ပြီးခဲ့တဲ့ ဧပြီလ ၁၅ ရက်နေ့၊ သင်္ကြန်အကြတ်နေ့ ညနေပိုင်းမှာ NUG ကို ထောက်ခံအားပေးတဲ့ ချောက်မြို့နယ် နရွဲတောရွာ သင်္ကြန်မဏ္ဍပ်မှာ ရေကစားနေတဲ့ ရွာသားတွေကို ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ချောက် – ပကဖ) တပ်ခွဲ ၁ ရဲ့ တပ်ခွဲမှူး ပေတိုးနဲ့ ပကဖ အဖွဲ့ဝင်တွေက ဝင်ရောက်ရိုက်နှက်ခဲ့တာဖြစ်ပြီး ဒီဖြစ်စဥ်ကို ဧပြီ ၁၇ ရက်မှာ တိုင်ကြားခဲ့တာဖြစ်ပါတယ်။






တိုင်စာနဲ့ ကိုယ်တိုင်ရိုက်နှက်ခံရသူတွေ ပြောဆိုမှုအရ ချောက်မြို့နယ် ပကဖရဲ့ ကားတစ်စီးကို ရွာမဏ္ဍပ်မှာ ရေကစားနေတဲ့ ရွာသားတွေက သင်္ကြန်အကြတ်နေ့ ညနေ ၅ နာရီအကျော်မှာ ရေပက်ဖို့ ခွင့်တောင်းခဲ့ကြပြီး ရွာသားတစ်ဦးက ကားပေါ်အထိ တက်ပြီး ရေပက်ဖို့ ကြိုးစားချိန် အဲဒီရွာသားကို PDF တစ်ဦးက လက်သီးနဲ့ထိုးပြီး ကားမောင်းထွက်သွားခဲ့ပါတယ်။ မိနစ် ၃၀ ကျော်အကြာ ညနေ ၆ နာရီလောက်မှာတော့ ပေတိုး ဦးဆောင်တဲ့ ပကဖ အဖွဲ့ဝင်တွေက “ကား ၃ စီးနဲ့ ဆိုင်ကယ်အများအပြားနဲ့ နောက်တစ်ကြိမ် ရောက်လာပြီး “ဘေးလေးကို ကပ်၊ မင်း ကိုကြီးတွေလာတယ်”လို့ အော်ပြီး သင်္ကြန်ရေပက်နေတဲ့ရွာသားတွေကို စတင် ထိုးကြိတ်၊ ရိုက်နှက်ခဲ့တာ ဖြစ်ပါတယ်။
လက်နက်အင်အားအပြည့်အစုံ၊ လူအင်အားအများအပြားနဲ့ ပေတိုးဦးဆောင်တဲ့ PDF တွေ ဝင်ရိုက်တာကို ဘယ်သူမှ မတားရဲကြဘဲ မိဘတွေ ဝင်တောင်းပန်မှ သေနတ်သုံးချက်ဖောက်ပြီး “တစ်ရွာလုံး ဘယ်ကောင်မိုက်လဲ၊ မိုက်တဲ့ကောင် ထွက်ခဲ့”လို့ ရန်ရှာကာ ပေတိုးတို့အုပ်စုက ပြန်သွားခဲ့တာဖြစ်ပြီး PDF တွေရဲ့ ဒီလိုသောင်းကျန်းရိုက်နှက်မှုမှာ နရွဲတောရွာသား ကျော်သီဟ၊ နိုင်အောင်၊ မျိုးဇော်တို့ ဦးခေါင်းကွဲဒဏ်ရာတွေနဲ့ မသေရုံတမယ်ရိုက်နှက်ခံခဲ့ရသလို သူတို့ကိုဝင်ရိုက်တဲ့ ချောက် PDF တွေ ကိုင်ထားတဲ့လက်နက်ကလည်း ပြည်သူ့ငွေနဲ့ဝယ်ထားတာလို့ တိုင်စာက ဖော်ပြထားပါတယ်။


ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကျေးရွာ ဒေသခံတွေက မကျေနပ်တာကြောင့် ဧပြီလ ၁၇ ရက်နေ့ ရက်စွဲနဲ့ NUG ရဲ့ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဌာန၊ ချောက်မြို့နယ် ပအဖကို တိုင်ကြားစာပေးပို့ခဲ့ကြပေမဲ့ အခုအချိန်ထိ ချောက်မြို့နယ် ပအဖ ဘက်က NUG ရဲ့ PDF တွေကို အရေးမယူတဲ့မူအတိုင်း တုံ့ပြန်မှု တစ်စုံတစ်ရာ မရှိသလို စစ်ဆေးအရေးယူမှုလည်း မရှိသေးဘူးလို့ သိရပါတယ်။
နရွဲတောရွာဟာ NUG နဲ့ PDF တွေကို ထောက်ခံတဲ့ ဆန္ဒပြမှုတွေ အချိန်အတော်ကြာပြုလုပ်ခဲ့သလို တိုင်စာအရလည်း PDF တွေအတွက် လက်နက်ဝယ်ယူတပ်ဆင်ပေးခဲ့တဲ့ရွာဖြစ်ပြီး လက်ရှိအချိန်မှာတော့ သူတို့ဝယ်ပေးတဲ့ လက်နက်နဲ့ သူတို့ပြန် အနိုင်ကျင့်ခံနေရတာလည်းဖြစ်ပါတယ်။
Photo – TM Media
