သက်တံ့
၁၀. ၄. ၂၀၂၆
အကျိုးဆောင်ခ (ပွဲစားခ) အမြောက်အမြားပေးဆောင်ကာ မလေးရှားနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်ရန် ပြင်ဆင်နေကြသည်ဟု ယူဆရသော မြန်မာနိုင်ငံသား ၈၀ ကျော်ကို ဆောင်ခလာခရိုင် (Songkhla)၊ နာမွန်းမြို့နယ် (Na Mom) ရှိ တောအတွင်း၌ ပုန်းအောင်းနေစဉ် ထိုင်းအာဏာပိုင်များက မနေ့က ဖမ်းဆီးနိုင်ခဲ့သည်။
အမျိုးသားနှင့် အမျိုးသမီးများ ပါဝင်သော အဆိုပါအုပ်စုကို တောင်ခြေရှိ တောအုပ်အတွင်း၌ သံသယဖြစ်ဖွယ် လှုပ်ရှားမှုများရှိကြောင်း ရွာသားများက သတင်းပေးပို့ပြီးနောက် ဧပြီ ၉ ရက် မွန်းလွဲ ၁ နာရီခန့်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း Berita Harian သတင်းတွင် ဖော်ပြထားသည်။
ရွှေ့ပြောင်းနေထိုင်သူ တစ်ဦးချင်းစီသည် မလေးရှားတွင် အလုပ်အကိုင်ရရှိရန် မျှော်လင့်ချက်ဖြင့် အကျိုးဆောင်များထံသို့ ဘတ်ငွေ ၇၉,၀၀၀ (မလေးရှားရင်းဂစ် ၁၀,၃၀၀ ခန့်) မှ ၁၅၀,၀၀၀ (မလေးရှားရင်းဂစ် ၂၀,၂၀၀ ခန့်) အထိ ပေးချေခဲ့ရသည်ဟု ယူဆရသည်။
ထိုင်းလုံခြုံရေး ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အခင်းဖြစ်ပွားရာနေရာသို့ အာဏာပိုင်များ ရောက်ရှိသွားချိန်တွင် ချုံပုတ်များထဲ၌ ပုန်းအောင်းနေသူ ၈၀ ကျော်ကို တွေ့ရှိခဲ့ရကြောင်း ပြောကြားခဲ့သည်။
“သူတို့ထဲက တချို့က သစ်ပင်တွေအောက်မှာ မိုးကာစတွေသုံးပြီး ယာယီတဲတွေ ထိုးထားကြတယ်။ စစ်ဆေးချက်အရ သူတို့ထဲမှာ တရားဝင် ခရီးသွားလာခွင့် အထောက်အထား တစ်စုံတစ်ရာမှ ကိုင်ဆောင်ထားခြင်းမရှိတာကို တွေ့ရပါတယ်” ဟု ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
အဆိုပါ မြန်မာနိုင်ငံသားအားလုံးကို ထိန်းသိမ်းလိုက်ပြီး မှတ်တမ်းတင်ခြင်းနှင့် ဆက်လက်စစ်ဆေးခြင်းများ ပြုလုပ်ရန် နာမွန်းမြို့နယ်ရုံးခန်းမသို့ ခေါ်ဆောင်သွားခဲ့သည်။
ရှေ့ပြေးစစ်ဆေးချက်များအရ ၎င်းအုပ်စုသည် လွန်ခဲ့သော ၆ ရက်ခန့်က မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့မှ စတင်ထွက်ခွာလာခဲ့ခြင်းဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ ၎င်းတို့သည် ကန်ချနာဘူရီခရိုင်၊ စံခလဘူရီရှိ ဘုရားသုံးဆူတောင်ကြား နယ်စပ်အနီး တရားမဝင်လမ်းကြောင်းများမှတစ်ဆင့် ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လာပြီးနောက် အဆင့်ဆင့် သယ်ယူပို့ဆောင်ခံခဲ့ရသည်ဟု ယူဆရသည်။ အာဏာပိုင်များ၏အဆိုအရ အဆိုပါ ရွှေ့ပြောင်းသွားလာသူများကို အမိုးအကာပါသော ခြောက်ဘီးကားများနှင့် လေးဘီးကားများဖြင့် သယ်ဆောင်လာခဲ့ပြီး ဖမ်းဆီးခံရသည့်နေ့ နံနက်ပိုင်းတွင် တောထဲ၌ ချထားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များအနေဖြင့် ဖမ်းဆီးခံရသူများသည် လူကုန်ကူးခံရသူများ ဟုတ်မဟုတ် ဆုံးဖြတ်နိုင်ရန် စိစစ်လျက်ရှိသော်လည်း၊ ကနဦးတွေ့ရှိချက်များအရ ၎င်းတို့သည် မိမိသဘောဆန္ဒအလျောက် လာရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
စိစစ်ရေးလုပ်ငန်းစဉ်များ ပြီးဆုံးပါက ၎င်းတို့အား မိခင်နိုင်ငံသို့ ပြန်လည်နှင်ထုတ်ခြင်း (Deport) မပြုလုပ်မီ ဥပဒေအရ အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်သည်။
Ref : FMT
