◾️ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် ဖက်ဒရယ်ဆိုင်ရာပြဋ္ဌာန်းချက်များကို ထိရောက်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်
၁၀. ၄. ၂၀၂၆
Written by Nyein Kyaw
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် ဆွေးနွေးသဘောတူညီထားသည့် အချက် ၄၃ ချက်ကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ကျင်းပသည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပဉ္စမနေ့ အစည်းအဝေးတွင် မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားသည်။
တစ်နိုင်ငံလုံး အပစ်အခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA အပိုဒ် ၂၀ (င) အရ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် ဆွေးနွေးသဘောတူချုပ်ဆိုထားသည့် ပြည်ထောင်စုသဘောတူစာချုပ် (Union Accord) အစိတ်အပိုင်း (၁)၊ (၂) နှင့် (၃)တို့ကို NCA အပိုဒ် ၂၀ (စ) နှင့်အညီ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းဆွေးနွေး အတည်ပြုချက်ရယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
“ဒါ့အပြင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီအစုအဖွဲ့များ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် ဆွေးနွေးသဘောတူညီထားတဲ့ အချက် ၄၃ ချက်ကိုလည်း ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းဆွေးနွေးသွားမှာဖြစ်ပါတယ်” ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။
ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးတည်ဆောက်ရန် ငြိမ်းချမ်းရေးရရှိရန် မဖြစ်မနေလိုအပ်သည့်အတွက် နိုင်ငံအတွင်း၌ရှိသည့် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားပြည်သူများနှင့် တိုင်းရင်းသားအဖွဲ့အစည်းအားလုံး အကျိုးတူပူးပေါင်းပါဝင် ဆောင်ရွက်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကိုဖော်ဆောင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်းလည်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
“ကျွန်တော်တို့အစိုးရအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်မှာ ပြဋ္ဌာန်းထားတဲ့ ဖက်ဒရယ်ဆိုင်ရာ ပြဋ္ဌာန်းချက်တွေကို ထိရောက်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားမှာလည်းဖြစ်ပါတယ်” ဟု နိုင်ငံတော်သမ္မတက ဆက်လက် ပြောကြားသည်။
