သက်တံ့
၁၀. ၄. ၂၀၂၆
အာဆီယံ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (ASEAN SOM) ကို အင်္ဂါနေ့က ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ကျင်းပခဲ့ရာ အာဆီယံအဖွဲ့ဝင် ၁၁ နိုင်ငံမှ ဒုတိယနိုင်ငံခြားရေးဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။
အဆိုပါအစည်းအဝေးတွင် တက်ရောက်လာသူများသည် သဘောတူညီထားသည့် ကတိကဝတ်များနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဦးစားပေးလုပ်ငန်းများ အကောင်အထည်ဖော်မှုကို ပြန်လည်သုံးသပ်ခြင်း၊ ယခုနှစ် မေလတွင် ကျင်းပရန် စီစဉ်ထားသည့် (၄၈) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးအတွက် ပြင်ဆင်မှုများနှင့် ပိုမိုရှုပ်ထွေးပြီး စိန်ခေါ်မှုများပြားလာသော ကမ္ဘာ့အခြေအနေများကြားတွင် စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေမည့် အစီအမံများကို ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးတွင် အာဆီယံအသိုက်အဝန်း မျှော်မှန်းချက် ၂၀၄၅ (ASEAN Community Vision 2045) အကောင်အထည်ဖော်မှုနှင့် ၂၀၂၆ ခုနှစ်အတွက် ပူးပေါင်းဆောင်ရွက်ရေး ဦးစားပေးလုပ်ငန်းများသည် ကောင်းမွန်သော တိုးတက်မှုများ ဆက်လက်ရရှိနေကြောင်း မှတ်တမ်းတင်ခဲ့သည်။ ၂၀၂၆ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သော ဖိလစ်ပိုင်နိုင်ငံက “Together Navigating Our Shared Future” ဆိုသည့် ဆောင်ပုဒ်အောက်တွင် ယခုနှစ်၏ ရည်မှန်းချက်ပန်းတိုင်များကို အောင်မြင်ရန် အဖွဲ့ဝင်နိုင်ငံများနှင့်အတူ လက်တွဲလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထပ်လောင်းအတည်ပြုခဲ့သည်။
ထို့အတူ အဓိက ဦးစားပေးလုပ်ငန်းများအဖြစ် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းခြင်း၊ ပေါ်ထွက်လာနေသော ခြိမ်းခြောက်မှုများကို ဖြေရှင်းခြင်း၊ ရေကြောင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်း၊ စီးပွားရေးနှင့် ကုန်သွယ်မှု ဆက်နွှယ်မှုများကို အားကောင်းစေခြင်း၊ ဒီဂျစ်တယ်အသွင်ကူးပြောင်းမှုနှင့် ဖန်တီးမှုစီးပွားရေး (Creative Economy) ကို မြှင့်တင်ခြင်း၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို ပံ့ပိုးပေးခြင်း၊ အားလုံးပါဝင်နိုင်သော ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ခြင်း၊ ပြည်သူကို ဗဟိုပြုသော အစပြုမှုများကို မြှင့်တင်ခြင်း လုပ်ငန်းများကို ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ရန်လည်း ကတိပြုခဲ့သည်။
တက်ရောက်လာသူများသည် အာဆီယံ၏ ပြင်ပဆက်ဆံရေးကို ချဲ့ထွင်ခြင်း၊ ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာဖိုရမ်များတွင် ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေခြင်း၊ အာဆီယံက ဦးဆောင်သည့် ယန္တရားများ၏ ထိရောက်မှုကို မြှင့်တင်ခြင်း၊ တီမောလက်စ်တေနိုင်ငံ အာဆီယံယန္တရားများအတွင်း ထိရောက်စွာ ပါဝင်လာနိုင်ရေးကို ဆက်လက်ပံ့ပိုးပေးခြင်းနှင့် အဖွဲ့ဝင်ဖြစ်လာရေးတွင် ပေါ်ပေါက်လာသော ကိစ္စရပ်များကို ဖြေရှင်းခြင်း စသည့် အရေးကြီးသော ဦးတည်ချက်များအပေါ် အမြင်ချင်းဖလှယ်ကာ ဘုံသဘောတူညီမှု ရရှိခဲ့ကြသည်။
(၄၈) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးအတွက် ပြင်ဆင်မှုများနှင့် ပတ်သက်၍ အဆင့်မြင့်အရာရှိကြီးများက ကမ္ဘာလုံးဆိုင်ရာ ပထဝီနိုင်ငံရေးနှင့် ပထဝီစီးပွားရေး ဖြစ်ထွန်းမှုများ၏ ဆိုးကျိုးသက်ရောက်မှုများကြားတွင်၊ ယခုထိပ်သီးအစည်းအဝေးသည် အာဆီယံခေါင်းဆောင်များအတွက် အခြေအနေကို ဘက်စုံသုံးသပ်ရန်နှင့် အဖွဲ့အစည်းအတွက် ဘုံမဟာဗျူဟာများနှင့် တုံ့ပြန်မှုများကို ရေးဆွဲရန် အရေးကြီးသော အခွင့်အလမ်းတစ်ရပ် ဖြစ်လာလိမ့်မည်ဟု သဘောတူညီခဲ့ကြသည်။
ဖိလစ်ပိုင်နိုင်ငံက အချို့သော စိန်ခေါ်မှုများရှိနေသော်လည်း ထိပ်သီးအစည်းအဝေးကို အောင်မြင်စွာ အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် ကတိကဝတ်ပြုထားကြောင်း အလေးပေးပြောကြားခဲ့ပြီး ရေကြောင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရန် ရည်ရွယ်သည့် အစီအစဉ်များအပါအဝင် အဆိုပြုမည့် အစပြုမှုအချို့ကို မျှဝေခဲ့သည်။
ASEAN SOM မူဘောင်အတွင်းမှာပင် အရှေ့တောင်အာရှ နျူကလီးယားလက်နက်ကင်းမဲ့ဇုန် သဘောတူစာချုပ် ကော်မရှင်၏ အမှုဆောင်ကော်မတီ (Executive Committee of the Commission for the SEANWFZ Treaty) သည်လည်း အဆိုပါစာချုပ် အကောင်အထည်ဖော်မှုကို ပြန်လည်သုံးသပ်ရန် ယမန်နေ့မနက်က တွေ့ဆုံခဲ့ကြသည်။
ထို့အပြင် တီမောလက်စ်တေနိုင်ငံ အာဆီယံအပြည့်အဝအဖွဲ့ဝင်ဖြစ်ရေး လမ်းပြမြေပုံ အကောင်အထည်ဖော်မှု တိုးတက်မှုများကို ဆွေးနွေးရန်အတွက် အာဆီယံညှိနှိုင်းရေးကောင်စီ၏ လုပ်ငန်းအဖွဲ့ (Working Group of the ASEAN Coordinating Council) ၏ (၁၉) ကြိမ်မြောက် အစည်းအဝေးကိုလည်း ကျင်းပခဲ့သည်။
Ref : KTBN
