◾️ နှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှုများတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားရန် အဆင်သင့်ရှိမှုကို ထပ်လောင်းအတည်ပြုပါကြောင်း ကာဇက်စတန်နိုင်ငံ သမ္မတ ပြောကြား
◾️ အာဆီယံအပါအဝင် ဒေသတွင်းမူဘောင်များအတွင်း နှစ်နိုင်ငံဆက်ဆံရေးသည် ဆက်လက်ခိုင်မာ တိုးမြှင့်သွားမည်ဟု ယုံကြည်ကြောင်း ကမ္ဘောဒီးယားဘုရင်မင်းမြတ် ပြောကြား






၆. ၄. ၂၀၂၆
Written by Nyein Kyaw
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသော ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ကာဇက်စတန်နိုင်ငံ သမ္မတနှင့် ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ်တို့က ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့ကြသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ရွေးကောက်တင်မြှောက်ခြင်းခံရသော သမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ရွေးကောက်တင်မြှောက်ခြင်းခံရသော သမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ကာဇက်စတန်သမ္မတနိုင်ငံသမ္မတ မစ္စတာကာစင်ဂျိုမတ်တိုခါယက်ဗ်ထံမှ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်။
ကာဇက်စတန်နိုင်ငံသမ္မတ၏ သဝဏ်လွှာတွင် အဆွေတော်အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရခြင်းအပေါ် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း ပြောကြားလိုကြောင်း၊ ရွေးကောက်ပွဲတွင် အဆွေတော် အနိုင်ရရှိခြင်းသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးတည်ငြိမ်မှု၊ လူမှုစီးပွားရေး သာယာဝပြောရေးနှင့် နိုင်ငံတကာဆက်ဆံမှုတွင် အောင်မြင်ရေးကို ရည်ရွယ်သည့် အဆွေတော်၏ ပြည့်စုံသော မူဝါဒအပေါ် ပြည်သူတစ်ရပ်လုံးက ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံမှုကို ထင်ထင်ရှားရှား သက်သေပြနေသည်ဟု မိမိ ရှုမြင်ပါကြောင်း ဖော်ပြထားသည်။
ထို့ပြင် နိုင်ငံ့အနာဂတ် သာယာလှပစေရေးနှင့် နိုင်ငံ့ဂုဏ်သိက္ခာမြင့်မားစေရေး အဆွေတော်၏ မြင့်မြတ်သော ကြိုးပမ်းမှုများနှင့် ကြီးမားသော အစီအစဉ်များကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ကြောင်း၊ ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်ယုံကြည်မှုကို အခြေခံသည့် ကာဇက်စတန်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး အလားအလာမြင့်မားမှုကို အရင်းခံ၍ ကုန်သွယ်ရေးနှင့်စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ယဉ်ကျေးမှုနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်သွားရန် မိမိအနေဖြင့် အဆင်သင့်ရှိမှုကို ထပ်လောင်းအတည်ပြုပါကြောင်း၊ အဆွေတော်၏ လုပ်ငန်းတာဝန်များဆောင်ရွက်ရာတွင် အောင်မြင်ပါစေကြောင်းနှင့် ရင်းနှီး ဖော်ရွေသော မြန်မာပြည်သူများ သာယာ ဝပြော၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း ဖော်ပြထားသည်။
ထို့အတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ရွေးကောက်တင်မြှောက်ခြင်းခံရသော သမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီထံမှ ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့ခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ်က ပေးပို့သည့် သဝဏ်လွှာတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ပြည်ထောင်စုလွှတ်တော်က အဆွေတော်အား နိုင်ငံတော် သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရခြင်းအပေါ် ကျွန်ုပ်အနေဖြင့် ဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် နိုင်ငံတော်အား ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ကြွယ်ဝချမ်းသာရေးဆီသို့ ဦးဆောင်ဦးရွက်ပြုရာတွင် အောင်မြင်မှုရရှိစေရန် ကျွန်ုပ်၏ စိတ်ရင်းစေတနာဖြင့် ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း ဖော်ပြထားသည်။
ထို့ပြင် ကျွန်ုပ်တို့နှစ်နိုင်ငံအကြား ရေရှည်တည်တံ့သော ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုအပေါ် ကမ္ဘောဒီးယားနိုင်ငံတော်၏ ပြည်သူများကလည်း ကျွန်ုပ်နှင့်အတူ ကျေးဇူးတင် အသိအမှတ်ပြုကြောင်း ဖော်ပြအပ်ပါကြောင်း၊ အာဆီယံအပါအဝင် ဒေသတွင်း မူဘောင်များအတွင်း ဆွေးနွေးမှု၊ ငြိမ်းချမ်းမှုနှင့် ဖွံဖြိုးတိုးတက်မှုတို့ကို ပံ့ပိုးကူညီရန်အတွက် နှစ်နိုင်ငံ ဆက်ဆံရေးသည် ဆက်လက်ခိုင်မာ တိုးမြှင့်သွားမည်ဟု ကျွန်ုပ်ယုံကြည်ပါကြောင်းအပြင် သမ္မတကြီး၊ ကျေးဇူးပြု၍ ကျွန်ုပ်၏ လေးစားဂုဏ်ပြုမှုကို လက်ခံပေးပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း ဖော်ပြထားသည်။
ထို့ပြင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ရွေးကောက်တင်မြှောက်ခြင်းခံရသော သမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ် အုပ်ချုပ်ရေးမှူး မစ္စတာ အလက်ဇန်းဒါး ဘယ်ဂ်လော့ထံမှ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ကြောင်း သိရသည်။
