◾️ ဖေဖော်ဝါရီ ၂၀ ရက်မှ ယနေ့အထိ စာရင်းအရ နေ့စဉ်ပျမ်းမျှ စက်သုံးဆီသုံးစွဲမှု ၂၉ ရာခိုင်နှုန်း လျှော့ချနိုင်ခြင်းကြောင့် တစ်ရက်လျှင် ဒေါ်လာ ၆ သန်းခန့် သက်သာစေမည့်အပြင် အရန်ဆီ ၁၀ ရက်စာ ပိုမိုသိုလှောင်နိုင်မည်
◾️ အခြေအမြစ်ခိုင်လုံမှုမရှိဘဲ ပြည်သူများစိုးရိမ်မှု မြင့်တက်စေရန် ရည်ရွယ်ခေါင်းစဉ်တပ် ဖော်ပြနေသည့် မီဒီယာများကိုလည်း ဆက်သွယ် သတိပေးထားပြီးဖြစ်၍ ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် သတင်းကိုသာ ပြည်သူများ ယုံကြည်ပြီး ပူးပေါင်းဆောင်ရွက်ပေးရန် အထူးလိုအပ်ဟု ဆို



၆. ၄. ၂၀၂၆
Written by Nyein Kyaw
နိုင်ငံတော်တွင် စက်သုံးဆီဖူလုံမှုအနေဖြင့် ဓာတ်ဆီ ရက် ၄၀ နှင့် ဒီဇယ် ၅၀ ရက်ခန့်ရှိပြီး ဧပြီလအတွင်းသင်္ဘော ၂၆ စင်း ထပ်မံတင်သွင်းရန် စီမံထားရှိပြီးဖြစ်ကြောင်း ယနေ့တွင် စွမ်းအင်ဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။
နိုင်ငံတော်၏ စွမ်းအင်သုံးစွဲမှုတွင် ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ ရေနံဓာတ်ငွေ့ရည် (LPG) စသည့် ရေနံထွက်ပစ္စည်းများသည် ၂၉ ရာခိုင်နှုန်း ပါဝင်ပြီး သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် အဓိကအသုံးပြုလျက်ရှိသည်။
သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် သုံးစွဲနေသည့် ဓာတ်ဆီ၊ ဒီဇယ်ဆီများ၏ ၉၇ ရာခိုင်နှုန်းသည် ပြည်ပမှ ဝယ်ယူတင်သွင်းနေရခြင်းဖြစ်သည့်အတွက် ယခုကဲ့သို့ ကမ္ဘာတစ်ဝန်း စက်သုံးဆီအခက်အခဲများ ဖြစ်ပေါ်လာချိန်တွင် ဝယ်ယူတင်သွင်းမှုကို အားပြုနေရသည့် မိမိတို့ကဲ့သို့နိုင်ငံများအနေဖြင့် လွန်စွာခက်ခဲစေသည့် အခြေအနေတစ်ရပ်ကို ရင်ဆိုင်နေကြရသည်။
နိုင်ငံတော်အနေဖြင့် စက်သုံးဆီအခက်အခဲကို ဖြေရှင်းရန်အတွက် စီမံခန့်ခွဲမှု နည်းလမ်းများ၊ ဒီဂျစ်တယ်နည်းပညာအခြေပြု ရောင်းချသည့်စနစ်များဖြင့် ကြပ်မတ်ထိန်းကျောင်းလျက်ရှိရာ နိုင်ငံတော်၏ စက်သုံးဆီတင်သွင်းမှု၊ ဖြန့်ဖြူးရောင်းချမှုတို့သည် စည်းစနစ်မှန်ကန်သည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိလာခဲ့ပြီး စက်သုံးဆီ သုံစွဲမှုကို သိသာစွာလျှော့ချနိုင်ခဲ့ကြောင်း အသိပေးထားသည်။
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှ ယနေ့ထိ စာရင်းများအရ နေ့စဉ် ပျမ်းမျှ စက်သုံးဆီသုံးစွဲမှုသည် ဂါလန် ၃ ဒသမ ၅၄ သန်းမှ ၂ ဒသမ ၅ သန်းသို့ ကျဆင်းလာခဲ့သည်ကို တွေ့ရှိရကြောင်း ဖော်ပြထားသည်။ ယင်းသို့ နေ့စဉ် ပျမ်းမျှသုံးစွဲမှုနှုန်း ၂၉ ရာခိုင်နှုန်း လျှော့ချနိုင်ခြင်းသည် တစ်ရက်လျှင် နိုင်ငံခြားငွေသုံးစွဲမှု အမေရိကန်ဒေါ်လာ ၆ သန်းခန့် သက်သာစေမည်ဖြစ်သည့်အပြင် အရန်ဆီသိုလှောင်နိုင်မှု ၁၀ ရက်စာ ပိုမိုသိုလှောင်လာနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
နိုင်ငံတော်အနေဖြင့် စက်သုံးဆီများကို နှစ်စဉ်တန်ချိန် ၅ သန်းခန့်တင်သွင်းနေရသဖြင့် အမေရိကန်ဒေါ်လာ သန်း ၅,၀၀၀ ကျော် (၅ ဘီလျံကျော်) သုံးစွဲရမည်ဖြစ်ရာ ယခုကဲ့သို့ စက်သုံးဆီကို စနစ်တကျသုံးစွဲလာနိုင်ပါက နှစ်စဉ်အမေရိကန်ဒေါ်လာ သန်း ၂,၀၀၀ ခန့် (၂ ဘီလျံခန့်) လျော့နည်းသက်သာစေမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်တွင် စက်သုံးဆီဖူလုံမှုအနေဖြင့် ဓာတ်ဆီ ရက် ၄၀ နှင့် ဒီဇယ် ၅၀ ရက်ခန့်ရှိပြီး ဧပြီလအတွင်းသင်္ဘော ၂၆ စင်း ထပ်မံတင်သွင်းရန် စီမံထားရှိပြီးဖြစ်သည့်အပြင် မိတ်ဆွေနိုင်ငံများမှ တင်သွင်းရန် ရေရှည်အစီအမံပြုလုပ်ပြီး ဝယ်ယူရရှိနိုင်ရေးကိုလည်း ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း အသိပေးထုတ်ပြန်ထားသည်။
ပြည်သူများအနေဖြင့် စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် သတင်းများကိုသာ ယုံကြည်ပြီး ပူးပေါင်းဆောင်ရွက်ကြရန် အထူးလိုအပ်ကြောင်းနှင့် အခြေအမြစ် ခိုင်လုံမှုမရှိသည့် သတင်းများဖော်ပြခြင်း၊ ပြည်သူများစိုးရိမ်ကြောင့်ကြမှု မြင့်တက်စေရန် ရည်ရွယ်သည့် ခေါင်းစဉ်များတပ်၍ ဖော်ပြခြင်းတို့ကို ပြုလုပ်နေသည့် မီဒီယာများကိုလည်း စွမ်းအင်ဝန်ကြီးဌာနမှ ဆက်သွယ်၍ သတိပေးလျက်ရှိသည်။
ပြည်သူများအနေဖြင့် ထုတ်ပြန်ထားသည့် စက်သုံးဆီဝယ်ယူနိုင်မည့် စည်းကမ်းများအတိုင်း လိုက်ပါဆောင်ရွက်ခြင်း၊ စက်သုံးဆီအရောင်းဆိုင်များအနေဖြင့်လည်း QR Code ဖြင့် ရောင်းချမှုအပေါ် ထပ်မံလိုအပ်လာပါက အရေးပေါ် ဆီဖြည့်တင်းခွင့် ရရှိ နေခြင်း ရှိနေသည့်အတွက် ကြောင့်ကြကင်းစွာ ရောင်းချဝယ်ယူကြပါရန်နှင့် အခက်အခဲများရှိပါက Call Center များသို့ ဆက်သွယ်အကြောင်းကြားခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ကြပါရန် အသိပေးထုတ်ပြန်ထားသည်။
