
၆.၄.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်အစိုးရရဲ့ ကမ္ဘာလုံးဆိုင်ရာဦးစားပေးမှုတွေပြောင်းလဲလာလို့ အမေရိကန်အနေနဲ့ ယူကရိန်းက အလွန်လိုအပ်တဲ့ ပက်ထရီယော့ လေကြောင်းကာကွယ်ရေးဒုံးကျည်တွေပေးပို့မှုကို လျှော့ချဖို့ ပြင်ဆင်နေချိန်မှာပဲ အမေရိကန်-အစ္စရေးနဲ့ အီရန်စစ်ပွဲကြာရှည်လာမှုက အမေရိကန်ရဲ့ ယူကရိန်းအပေါ်ထောက်ခံမှုကို လျော့ကျစေနိုင်တယ်လို့ ယူကရိန်းသမ္မတ ဇယ်လန်စကီးက အစ္စတန်ဘူလ်မြို့၌ ဧပြီလ ၄ ရက်က APသတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ပြောခဲ့ပါတယ်။
ဇယ်လန်စကီး က ယူကရိန်းအနေနဲ့ ရုရှားကိုတန်ပြန်တိုက်ခိုက်နိုင်ဖို့ ပက်ထရီယော့ဒုံးကျည်တွေလိုအပ်နေတယ်လို့လည်း ဆိုပါတယ်။
ဒါ့ပြင် ဇယ်လန်စကီး က “ဒီနေ့မှာ ကျွန်တော်တို့က အမေရိကန်အတွက် ဦးစားပေးမဟုတ်တော့ဘူးဖြစ်နေတာကို ကျွန်တော်တို့ အသိအမှတ်ပြုပါတယ်။ ဒါကြောင့်လည်း အီရန်စစ်ပွဲကြာရှည်လာတာနဲ့အမျှ ကျွန်တော်တို့ကို အမေရိကန်ရဲ့ ထောက်ခံမှု ဒီထက်လျော့နည်းသွားမှာကို ကျွန်တော် စိုးရိမ်မိပါတယ်” လို့ ပြောခဲ့ပါသေးတယ်။
ယူကရိန်းနိုင်ငံဟာ ထိရောက်တဲ့ အခြားရွေးချယ်စရာတစ်ခု မရှိသေးလို့ ရုရှားရဲ့ ပဲ့ထိန်းဒုံးကျည်တွေကို ကြားဖြတ်ဟန့်တားဖို့အတွက် ပက်ထရီယော့ ဒုံးကျည်တွေက မရှိမဖြစ်လိုအပ်နေပြီး သူ့အနေနှင့်စိုးရိမ်မိတာလည်းဖြစ်တယ်ဆိုတာ ဇယ်လန်စကီးက ပြောခဲ့ပါတယ်။
အမေရိကန်အစိုးရက ဒုံးကျည်တွေကို အစကတည်းက လုံလောက်သောပမာဏဖြင့် ဘယ်သောအခါမှ မပေးပို့ခဲ့ဘူးဆိုတာလည်း ဇယ်လန်စကီးက ပြောကြားခဲ့ပြီး အီရန်စစ်ပွဲ မကြာမီ ပြီးဆုံးမှုမရှိဘူးဆိုရင် “ယူကရိန်းအတွက် သိပ်မကြီးတဲ့ အထောက်အပံ့က တစ်နေ့ထက်တစ်နေ့ ပိုသေးငယ်လာလိမ့်မယ်လို့ ကျွန်တော် ထင်တယ်” လို့ ဆိုခဲ့ပါတယ်။
ထောက်ပံ့မှု တင်းကျပ်ပြီး အမေရိကန်ရဲ့ ထုတ်လုပ်နိုင်မှုစွမ်းရည်က အကန့်အသတ်နဲ့ ရှိနေပေမယ့် ဇယ်လန်စကီးက ပက်ထရီယော့ဒုံးကျည်ဝယ်ယူမှုတွေမှာ ကူညီဖို့ ဥရောပမိတ်ဖက်တွေကို မျှော်လင့်နေဆဲပါပဲ။
ယူကရိန်းအနေနဲ့ အဓိကရည်ရွယ်ချက်က ရုရှားနိုင်ငံစီးပွားရေးကို အားနည်းစေပြီး စစ်ပွဲမှာ အလွန်အမင်း ကုန်ကျစရိတ်များပြီး စစ်ပန်းစေဖို့ပါ။ ဒါပေမယ့်အီရန်ရဲ့ဟော်မုဇ်ရေလက်ကြားပိတ်ဆို့မှုက ရေနံဈေးနှုန်း တွေ မြင့်တက်ကာ ရုရှားနိုင်ငံအတွက် ရေနံဝင်ငွေကို မြှင့်တင်ပေးသလို ဖြစ်ခဲ့ရပါတယ်။ ရုရှားရေနံအပေါ် အမေရိကန်က ပိတ်ဆို့မှုတွေကို အကန့်အသတ်နဲ့ ဖြေလျှော့ပေးခဲ့ခြင်းအပေါ် ရည်ညွှန်းလို့ ဇယ်လန်စကီး က ရုရှားဟာ အရှေ့အလယ်ပိုင်းစစ်ပွဲမှ စီးပွားရေးအကျိုးကျေးဇူးများ ရရှိနေတယ်လို့ ပြောခဲ့ပါတယ်။
ဒါကြောင့်လည်း အခုအခါ ဆဋ္ဌမအပတ်သို့ ရောက်ရှိနေပြီဖြစ်တဲ့ အီရန်စစ်ပွဲက ကမ္ဘာ့စီးပွားရေးကို တုန်လှုပ်စေခဲ့ပြီး ယူကရိန်းအတွက် အမေရိကန်ရဲ့ ဦးစားပေးမှု ကနေ ကျဆင်းသွားရုံမက သူ့ရဲ့ပြိုင်ဘက် ရုရှားအတွက်တော့ အကျိုးအမြတ်တွေများစွာဖြစ်စေပြန်တာကြောင့် ယူကရိန်းအတွက်တော့ ဒီစစ်ပွဲက မိအေးနှစ်ခါနာ ဆိုသလိုဖြစ်စေရပါတော့တယ်။
Ref- 1 News
