သက်တံ့
၆. ၄. ၂၀၂၆
ဟိုက်ဒရိုဂျင် အင်ဂျင်တပ်ဆင်ထားတဲ့ တရုတ်ကုန်တင်လေယာဉ်ဟာ သူ့ရဲ့ ပထမဆုံး ခရီးစဉ်ကို အောင်မြင်စွာ ပျံသန်းနိုင်ခဲ့တယ်လို့ သိရသလို ဒါဟာ တရုတ်နိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လေကြောင်းကဏ္ဍ (Green Aviation) အတွက် မှတ်တိုင်သစ် တစ်ခုလည်း ဖြစ်ပါတယ်။
ဒီလေယာဉ်ဟာ လူမပါတဲ့ (Uncrewed) ၇ ဒသမ ၅ တန်ရှိ ကုန်တင်လေယာဉ် အမျိုးအစားဖြစ်ပြီး ကမ္ဘာ့အင်အားအကောင်းဆုံး ဟိုက်ဒရိုဂျင် တာဘိုပရော့ပ် (Hydrogen Turboprop) အင်ဂျင်ကို တပ်ဆင်ထားတာပါ။ အဲဒီအင်ဂျင်ဟာ စွမ်းအင် ၁ မဂ္ဂါဝပ်ကျော် (မြင်းကောင်ရေ (hp) ၁,၃၄၁ အထက်) အထိ ထုတ်ပေးနိုင်စွမ်း ရှိပါတယ်။
ပြီးခဲ့တဲ့ စနေနေ့က ပြုလုပ်ခဲ့တဲ့ ၁၆ မိနစ်ကြာ စမ်းသပ်ပျံသန်းမှုအတွင်း အင်ဂျင်ဟာ ပုံမှန်အတိုင်း ကောင်းမွန်စွာ လည်ပတ်နိုင်ခဲ့တယ်လို့ အင်ဂျင်ထုတ်လုပ်တဲ့ Aero Engine Corporation of China (AECC) ကို ကိုးကားပြီး ဆင်ဟွာသတင်းဌာနက ဖော်ပြပါတယ်။ ပျံသန်းမှု အကွာအဝေးဟာ ၃၆ ကီလိုမီတာ (၂၂ မိုင်) ရှိပြီး အမြင့်ပေ မီတာ ၃၀၀ (၉၈၅ ပေ) ကနေ တစ်နာရီ ၂၂၀ ကီလိုမီတာ (၁၃၇ မိုင်) အမြန်နှုန်းနဲ့ ပျံသန်းခဲ့တာ ဖြစ်ပါတယ်။
ဟိုက်ဒရိုဂျင်အင်ဂျင်တွေဟာ သာမန်ဂျက်အင်ဂျင်တွေနဲ့ မတူဘဲ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု မရှိတဲ့အတွက် နောင်အနာဂတ် လေကြောင်းလောကမှာ အရေးပါလာမယ့် နည်းပညာဖြစ်သလို တရုတ်ရဲ့ လက်ရှိစမ်းသပ်တဲ့ လေယာဉ်ဟာ သတ်မှတ်ထားတဲ့ ပျံသန်းမှု ပုံစံတွေကို လုပ်ဆောင်ပြီးတဲ့နောက်မှာ ဟူနန်ပြည်နယ် အလယ်ပိုင်းက ကျူးကျိုး (Zhuzhou) လေဆိပ်ကို ဘေးကင်းစွာ ပြန်လည် ဆင်းသက်နိုင်ခဲ့ပါတယ်။
အခုလို အောင်မြင်စွာ ပျံသန်းနိုင်ခြင်းဟာ မတ်လ ၂၉ ရက်နေ့က မြေပြင်စမ်းသပ်မှုတွေ အောင်မြင်ပြီးနောက် ရက်ပိုင်းအတွင်းမှာပဲ ဖြစ်ပေါ်လာတာပါ။
ဆင်ဟွာသတင်းရဲ့ ဖော်ပြချက်အရ ဒီအောင်မြင်မှုဟာ တရုတ်နိုင်ငံအနေနဲ့ ဟိုက်ဒရိုဂျင်သုံး လေယာဉ်အင်ဂျင် နည်းပညာပိုင်းမှာ အဓိက အစိတ်အပိုင်းတွေကနေ အင်ဂျင်တစ်ခုလုံး ပေါင်းစပ်ထုတ်လုပ်နိုင်တဲ့အထိ “ပြီးပြည့်စုံတဲ့ နည်းပညာကွင်းဆက်” (Complete technological chain) ကို တည်ဆောက်နိုင်ပြီလို့ ဆိုပါတယ်။ ဒါဟာ လေကြောင်းကဏ္ဍမှာ ဟိုက်ဒရိုဂျင်စွမ်းအင်ကို စက်မှုလုပ်ငန်းသုံးအဖြစ် အကောင်အထည်ဖော်ဖို့အတွက် အခြေခံကောင်းတွေ ချမှတ်ပေးလိုက်တာလည်း ဖြစ်ပါတယ်။
Ref : SCMP
