၆.၄.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ အရီဇိုးနားပြည်နယ်ရှိ တောင်တစ်တောင်ပေါ်မှာ တောင်တက်သမားတစ်ဦးဟာ ဧပြီလ ၄ ရက်၊ ဒေသစံတော်ချိန် နံနက် ၁၀ နာရီခန့်မှာ ပျားအကြိမ် ၁၀၀ ကျော် အတုပ်ခံရပြီးနောက် ဒဏ်ရာရမှုတွေက သူ့ အသက်အန္တရာယ်ကို စိုးရိမ်ရတဲ့အထိဖြစ်နေရတယ်လို့ ဆိုပါတယ်။
တောင်တက်သမားဟာ ပျားအုပ်ရဲ့တိုက်ခိုက်မှုကို Lookout တောင်ထိပ်နားအရောက်မှာကြုံခဲ့ရပြီး သူ့အနေနဲ့ ဒဏ်ရာတွေကြောင့် တောင်အောက်ကို ပြန်မဆင်းနိုင်ဖြစ်ကာ ဖီးနစ်မြို့ရှိ အရေးပေါ်ဌာနကို ဖုန်းခေါ်ဆိုအကြောင်းကြားခဲ့ပါတယ်။

ကယ်ဆယ်ရေးအဖွဲ့တွေဟာ ရဟတ်ယာဉ်တစ်စင်းကိုစေလွှတ်ပြီး ဒဏ်ရာရ တောင်တက်သမားကို ဘေးကင်းရာကို ပို့ဆောင်ပေးခဲ့ပြီး ဆေးရုံကို လူနာတင်ယာဉ်နဲ့ ဆက်လက်ပို့ဆောင်ခဲ့ပါတယ်။ သူ့အနေနဲ့ အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ တာဝန်ရှိသူတွေက ပြောခဲ့ကြပါတယ်။
ထူးထူးခြားခြား ပူနွေးသော ဆောင်းရာသီက ပြည်နယ်အတွင်း ပျားသတ္တဝါတွေရဲ့ လှုပ်ရှားမှုတွေကို မြင့်တက်လာစေတာပါ။ ပြီးခဲ့တဲ့အပတ်ကလည်း အမျိုးသမီး လက်ခရော့စ် (Lacrosse) ဂိုးသွမ်းဂိမ်း ကစားပွဲကို ပျားအုပ်တစ်အုပ်က နှောင့်ယှက်လို့ လူငါးဦး အတုပ်ခံရကာ တစ်ဦးမှာ ဆေးရုံကို ပို့ခဲ့ရသေးတာပါ။
ဖီးနစ်မီးသတ်ဌာနက တောင်တက်သမားတွေကို ပျားအုံတွေကို အနှောင့်အယှက်ပြု ဆွပေးတာမျိုးကို ရှောင်ရှားကြဖို့၊ အရောင်ဖျော့ဖျော့ အဝတ်အစားတွေ ဝတ်ဆင်ဖို့နဲ့ အပြင်မှာရှိနေခိုက် အမွှေးနံ့သာတွေ မသုံးဖို့ တိုက်တွန်းထားပါတယ်။
ပျားအုပ်တစ်အုပ်နဲ့ကြုံတွေ့ရသူတိုင်းဟာ ဦးခေါင်းနဲ့ မျက်နှာကို ကာကွယ်ရင်း အမြန်ထွက်ပြေးဖို့ အကြံပြုထားပြီး ပါးစပ်ကို အထူးဂရုစိုက်၍ ဖုံးအုပ်ထားကြရမှာပါ။ အရီဇိုးနားပြည်နယ်တက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာဖရန့်ခ်လိုဗက်ချီယိုက ပျားအထပ်ထပ်ကိုက်ခြင်းကြောင့်ရရှိတဲ့ အဆိပ်က ကြွက်သားတွေကို ထိရောက်စွာ ကြေမွစေတယ်လို့ ပြောကြားခဲ့ပါတယ်။
Ref-Sky News
