၆. ၄. ၂၀၂၆
Written by Nyein Kyaw
ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်စိစစ်ရေးကော်မတီ ဖွဲ့စည်းခြင်းအား ယနေ့ ကျင်းပသည့် တတိယအကြိမ်ပြည်ထောင်စုလွှတ်တော် တတိယနေ့ အစည်းအဝေးတွင် အတည်ပြုကြေညာခဲ့ပြီး ထားဝယ်မဲဆန္ဒနယ်မှ ဒေါက်တာကျော်ကျော်ဌေးက ကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ယူသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်လင်းဒွေးက အတည်ပြုကြေညာခဲ့သည်။
ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်စိစစ်ရေးကော်မတီဖွဲ့စည်းခြင်းနှင့် စပ်လျဉ်းပြီး အမည်စာရင်းတင်ပြခြင်း အစီအစဉ်တို့ကို ၂၀၂၆ ခုနှစ် ဧပြီ ၂ ရက်တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဆောင်ရွက်ရွက်ခဲ့ပြီး အမိန့်ကြော်ငြာစာ မူကြမ်း၊ မိတ္တူများကိုလည်း လွှတ်တော်ကိုယ်စားလှယ်များထံ ကြိုတင်ဖြန့်ဝေထားခြင်းဖြစ်သည်။

အဆိုပါ တင်ပြချက်အရ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် စိစစ်အတည်ပြုရေးလုပ်ငန်းတာဝန်ကို ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်စိစစ်ရေးကော်မတီကို တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်စေလျက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၇ ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၇ ဦးနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁ ဦး စုစုပေါင်းအဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းဆောင်ရွက်ရန် လျာထားခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်စိစစ်ရေးကော်မတီကို လွှတ်တော်တို့ တင်ပြထားသည့်အတိုင်း ဖွဲ့စည်းရန်နှင့် စပ်လျဉ်းပြီး လွှတ်တော်က သဘောမတူညီသူ မရှိသည့်အတွက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်စိစစ်ရေးကော်မတီကို ဥက္ကဋ္ဌအဖြစ် ထားဝယ်မဲဆန္ဒနယ်မှ ဒေါက်တာကျော်ကျော်ဌေး၊ အတွင်းရေးမှူးအဖြစ် ဧရာဝတီတိုင်းဒေသကြီး အချိုးကျကိုယ်စားပြုစနစ် မဲဆန္ဒနယ်အမှတ် (၁) မှ ဦးအောင်တင်မြင့်နှင့် အဖွဲ့ဝင်များအဖြစ် (၁) ဦးလှဆွေ (ပုဗ္ဗသီရီမြို့နယ်မဲဆန္ဒနယ်အမှတ် (၂))၊ ဦးအောင်မျိုးသန်း (ကော့မှူးမဲဆန္ဒနယ်)၊ (၃) ဒေါ်စိုးစိုးရီ (ဖျာပုံမဲဆန္ဒနယ်)၊ (၄) ဦးစောဝင်းထိန် (ဖာပွန်မဲဆန္ဒနယ်)၊ (၅) ဦးစိုးဝင်း (မြို့သစ်မဲဆန္ဒနယ်)၊ (၆) ဦးဂုဏ်ဝှမ်း (ခန္တီးမဲဆန္ဒနယ်)၊ (၇) ဒေါက်တာကျော်ထွန်း (ရှမ်းပြည်နယ်မဲအများဆုံးရသူအနိုင်ယူစနစ် မဲဆန္ဒနယ်အမှတ်-၆)၊ (၈) ဦးတင်ဇော် (ရန်ကုန်တိုင်းဒေသကြီး အချိုးကျကိုယ်စားပြုစနစ် မဲဆန္ဒနယ်အမှတ်-၃ )၊ (၉) ဒေါ်နီနီမာ ပဲခူးတိုင်းဒေသကြီး မဲအများဆုံးရသူအနိုင်ယူစနစ် မဲဆန္ဒနယ်အမှတ် (၂)၊ (၁၀) ဦးအောင်မင်းနိုင် (ချင်းပြည်နယ် အချိုးကျကိုယ်စားပြုစနစ် မဲဆန္ဒနယ်အမှတ်-၁)၊ (၁၁) ဒေါ်မြမြသက် (ရခိုင်ပြည်နယ် အချိုးကျကိုယ်စားပြုစနစ် မဲဆန္ဒနယ်အမှတ်-၁)၊ (၁၂) စိုင်းဝင်းခိုင် ရှမ်းပြည်နယ်အချိုးကျကိုယ်စားပြုစနစ် မဲဆန္ဒနယ်အမှတ်-၂)၊ (၁၃) ဒုတိယဗိုလ်မှူးကြီး တင်သောင်းလင်း (တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)တို့နှင့် ဖွဲ့စည်းကြောင်း ပြည်ထောင်စုလွှတ်တော် နာယက က အတည်ပြုကြေညာခဲ့သည်။
