၆. ၄. ၂၀၂၆
Written by Nyein Kyaw
နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူက ပြည်ထောင်စုတရားသူကြီးချုပ်အဖြစ် လက်ရှိပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးအား ခန့်အပ်တာဝန်ပေးရန် တင်ပြခဲ့ကြောင်း ယနေ့ ကျင်းပပြုလုပ်သည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယနေ့အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်လင်းဒွေးက အသိပေးကြေညာခဲ့သည်။
နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူထံမှ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၉၉ (ခ)နှင့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၂၈ တို့နှင့်အညီ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုတရားသူကြီးဦးရေ သတ်မှတ်နိုင်ရေးအတွက် လွှတ်တော်၏ သဘောတူညီချက် ရယူနိုင်ရေး ၂၀၂၆ ခုနှစ် ဧပြီလ ၅ ရက်နေ့ ရက်စွဲပါစာဖြင့် ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့တင်ပြထားခြင်းဖြစ်သည်။
ထို့ပြင် ပြည်ထောင်စုတရားသူကြီးချုပ်အဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၉၉ (ဂ)နှင့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၃၀ တို့နှင့်အညီ ဦးသာဌေးအား ခန့်အပ်တာဝန်ပေးအပ်နိုင်ရေး ၂၀၂၆ ခုနှစ် ဧပြီလ ၅ ရက်နေ့ ရက်စွဲပါစာဖြင့် ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့တင်ပြထားခြင်းဖြစ်သည်။
နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူထံမှ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့သည့် ပြည်ထောင်စုတရားသူကြီးချုပ် ဦးရေနှင့် ပြည်ထောင်စုတရားသူကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးမည့် ပုဂ္ဂိုလ်၏ အမည်နှင့်ကိုယ်ရေးအချက်ကို လွှတ်တော်အတွင်းရှိ သက်ဆိုင်ရာပါတီအလိုက် တာဝန်ပေးထားသည့် လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့ကိုယ်စားတို့အနေဖြင့် ယနေ့ အစည်းအဝေးပြီးချိန်တွင် ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံမှာ ထုတ်ယူနိုင်ကြောင်း အသိပေးထားသည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဦးရေ၊ ပြည်ထောင်စုတရားသူကြီးချုပ် အမည်စာရင်းနှင့် စပ်လျဉ်းပြီး ခန့်အပ်ရန် သဘောတူကြောင်း ကြေညာခြင်း သို့မဟုတ် ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အဆိုတင်သွင်းခြင်းများကို မနက်ဖြန် ဧပြီ ၇ ရက်တွင် ကျင်းပပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆောင်ရွက်သွားမည်ဖြစ်သည်။
ဦးသာဌေးသည် ပြည်ထောင်စုတရားသူကြီးချုပ် တာဝန်အား ၂၀၂၃ ခုနှစ် ဩဂုတ်လ ၃ ရက်မှ လက်ရှိအချိန်အထိ တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေါ်ပေါက်လာသည့် လက်ရှိ ဒုတိယမြောက် ပြည်ထောင်စုတရားသူကြီးချုပ်ဖြစ်သည်။
