၆.၄.၂၀၂၆
Written by Nay Yaung
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ဦးအောင်နိုင်သူကို ခန့်အပ်တာဝန်ပေးရန် အမည်စာရင်းတင်ပြမှု ကန့်ကွက်သူမရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က သဘောတူကြောင်း ကြေညာခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးဌာန ဆယ်ခု၊ တိုင်းဒေသကြီးအစိုးရ ဝန်ကြီးဦးရေ ဆယ်ဦးနှင့် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးဦးရေ ခြောက်ဦးဖြင့် ဖွဲ့စည်းဆောင်ရွက်ရန် အတည်ပြုကြောင်း ယနေ့ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် ကြေညာခဲ့ကြောင်း သိရသည်။
တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ဧပြီ ၆ ရက်၊ နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ပြီး အရပ်သားလွှတ်တော်ကိုယ်စားလှယ်နှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း ၁၂၃ ဦးအနက် ၁၂၂ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးတွင် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက ရွေးချယ်ပေးပို့လာသည့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးအပ်မည့် လွှတ်တော်ကိုယ်စားလှယ်၏ အမည်စာရင်းမှာ ကိုကိုးကျွန်းမြိုနယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်သူဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးဌေးအောင်က တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြခဲ့ပြီး အထက်ပါကိစ္စနှင့်စပ်လျဉ်း၍ ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခဲ့ကြောင်း သိရသည်။
သို့သော် ကန့်ကွက်လိုသည့် ကိုယ်စားလှယ်မရှိသည့်အတွက် တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၅၂ နှင့်အညီ ကိုကိုးကျွန်းမြို့နယ် မဲဆန္ဒနယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်သူကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် လွှတ်တော်က သဘောတူကြောင်း ကြေညာခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးဌေးအောင်က “ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ် မဲဆန္ဒနယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်သူကို ခန့်အပ်တာဝန်ပေးလိုကြောင်း နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူရဲ့ အဆိုတင်ပြချက်ကို အစည်းအဝေးတွင် ကြေညာခဲ့ပြီဖြစ်ပါတယ်။ ယင်းပုဂ္ဂိုလ်နှင့် စပ်လျဉ်းပြီး ကန့်ကွက်လိုသော လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခဲ့သော်လည်း ကန့်ကွက်သူမရှိတဲ့အတွက် တိုင်းဒေသကြီး(သို့မဟုတ်)ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၅၂ နဲ့အညီ ကိုကိုးကျွန်းမြို့နယ် မဲဆန္ဒနယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်သူအား ခန့်အပ်တာဝန်ပေးရန် လွှတ်တော်က သဘောတူကြောင်း ကြေညာပါတယ်” ဟု လွှတ်တော်တွင် ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် အမည်စာရင်းတင်ပြခံရသည့် ကိုကိုးကျွန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်သူသည် မြန်မာနိုင်ရဲတပ်ဖွဲ့တွင် ဒုတိယရဲချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း သိရသည်။
ထို့နောက် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဆိုပြုပေးပို့လာသည့် တိုင်းဒေသကြီး ဝန်ကြီးဌာန အရေအတွက်၊ ဝန်ကြီးဦးရေနှင့် တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးဦးရေ သတ်မှတ်နိုင်ရေးအဆိုပြုချက်ကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးဌေးအောင်က လွှတ်တော်သို့ တင်ပြခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးဌာနအရေအတွက်ကို ဆယ်ခုဖြင့်လည်းကောင်း၊ တိုင်းဒေသကြီးအစိုးရ ဝန်ကြီးဦးရေကို ဆယ်ဦးဖြင့်လည်းကောင်း၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးဦးရေကို ခြောက်ဦးဖြင့်လည်းကောင်း ဖွဲ့စည်းဆောင်ရွက်ရန် တင်ပြခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အတွက် ဝန်ကြီးဌာနအဆိုပြုချက်မှာ (၁) လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ (၂) စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ (၃)လူမှုရေးရာဝန်ကြီးဌာန၊ (၄) လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၊ (၅) စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ (၆) သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ (၇) စည်ပင်သာယာရေးဝန်ကြီးဌာန၊ (၈) ပြန်ကြားရေး၊ ကယ်ဆယ်ရေးနှင့် သာသနာရေးဝန်ကြီးဌာန၊ (၉) ကရင်တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ (၁၀) ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးတို့ဖြစ်ကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်၍ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၄၆ နှင့်အညီ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၏ သဘောတူညီချက်ရယူခဲ့ရာ လွှတ်တော်ရှိ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များအားလုံးက သဘောတူသည့်အတွက် အတည်ပြုကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌက ဆက်လက်ကြေညာခဲ့သည်။









