နေမိုး
၆. ၄. ၂၀၂၆
ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များအဖြစ် နိုင်ငံတော်သမ္မတ၏ လျာထားအဆိုပြုစာရင်း ပေါ်ထွက်လာပြီး လက်ရှိဝန်ကြီးချုပ်အချို့ ပြန်လည်ပါဝင်လာသည်ဟု သိရသည်။
နိုင်ငံတော်သမ္မတက ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် အဆိုပြုချက်အရ ကချင်ပြည်နယ်တွင် လက်ရှိဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ကယားပြည်နယ်အတွက် ဦးအံ့ကျော်၊ ကရင်ပြည်နယ်အတွက် လက်ရှိဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ချင်းပြည်နယ်အတွက် ဦးနေလင်းအောင်၊ စစ်ကိုင်းတိုင်းအတွက် ဦးကိုလေး၊ တနင်္သာရီတိုင်းအတွက် ဦးဇော်နိုင်ဦး၊ ပဲခူးတိုင်းအတွက် လက်ရှိဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ မကွေးတိုင်းဒေသကြီးအတွက် ဦးတင်ကိုကို၊ မန္တလေးတိုင်းဒေသကြီးအတွက် လက်ရှိဝန်ကြီးချုပ် ဦးမျိုးအောင်၊ မွန်ပြည်နယ်အတွက် ဗိုလ်မှူးချုပ်အောင်ဝင်းသန်း၊ ရန်ကုန်တိုင်းဒေသကြီးအတွက် ယခင် ဒုရဲချုပ်ဖြစ်ခဲ့သည့် ဦးအောင်နိုင်သူ၊ ရခိုင်ပြည်နယ်အတွက် ဦးနိုင်ဦး၊ ရှမ်းပြည်နယ်အတွက် (ဦး) စိုင်းထိန်စိုးနှင့် ဧရာဝတီတိုင်းအတွက် ဦးအေးကျော်တို့ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသက်ပိုင်ထူးထံမှ သိရသည်။
နိုင်ငံတော်သမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဆိုပြုထားသည့် အထက်ပါ ပြည်နယ်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်လောင်းလျာများအား ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ရန် ကန့်ကွက်သူ ရှိ မရှိ၊ အရည်အချင်းရှိ မရှိအား သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များက စိစစ်ကာ တင်မြှောက်သွားမည်ဖြစ်ကြောင်း သိရသည်။






