၆. ၄. ၂၀၂၅
Written by Nyein Kyaw
နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူက ပြည်ထောင်စုရှေ့နေချုပ်အဖြစ် လက်ရှိပြည်ထောင်စုရှေ့နေချုပ် ဒေါ်သီတာဦးအား ခန့်အပ်တာဝန်ပေးရန် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့ကြောင်း ယနေ့ နံနက် ၁၀ နာရီတွင် စတင်ကျင်းပသည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယနေ့ အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်လင်းဒွေးက အသိပေးကြေညာခဲ့သည်။
နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူထံမှ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၇၊ ပုဒ်မခွဲ (က) ပြည်ထောင်စုရှေ့နေချုပ်ဥပဒေ ပုဒ်မ ၅၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဥပဒေ ပုဒ်မ ၃၄ တို့နှင့်အညီ ဒေါက်တာသီတာဦးအား ပြည်ထောင်စုရှေ့နေချုပ်အဖြစ် ခန့်အပ်တာဝန်ပေးသင့်ပါကြောင်း ၂၀၂၆ ခုနှစ် ဧပြီ ၅ ရက်နေ့ ရက်စွဲပါစာဖြင့် ပြည်ထောင်စုလွှတ်တော် နာယကထံသို့ တင်ပြထားခြင်းဖြစ်သည်။
နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူက အဆိုပြုတင်ပြသည့် ပြည်ထောင်စုရှေ့နေချုပ် အမည်စာရင်းနှင့် စပ်လျဉ်းပြီး ခန့်အပ်ရန် သဘောတူကြောင်း ကြေညာခြင်း သို့မဟုတ် ကန့်ကွက်လိုကြောင်း လွှတ်တော်ကိုယ်စားလှယ်ရှိပါက ကန့်ကွက်ကြောင်း အဆိုတင်သွင်းခြင်းတို့ကို ၂၀၂၆ ခုနှစ်၊ ဧပြီ ၉ ရက် (ကြာပတေးနေ့) နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်မည့် လွှတ်တော်အစည်းအဝေးတွင် ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက က ကြေညာခဲ့သည်။
ပြည်ထောင်စုရှေ့နေချုပ်အဖြစ် ခန့်အပ်တာဝန်ပေးအပ်သင့်ကြောင်း တင်ပြထားသည့် ပုဂ္ဂိုလ်အား နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၇၊ ပုဒ်မခွဲ (က)တွင် သတ်မှတ်ထားသည့် အရည်အချင်းများနှင့် စပ်လျဉ်းပြီး မပြည့်စုံကြောင်း သက်သေအထင်အရှားပြ၍ ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ၂၀၂၆ ခုနှစ် ဧပြီ ၈ ရက် (ဗုဒ္ဓဟူးနေ့) နေ့လယ် ၁၂ နာရီ နောက်ဆုံးထားပြီး ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းပေးပို့ရမည်ဖြစ်သည်။
ဒေါက်တာသီတာဦးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ၂၁ ဦးမြောက် ပြည်ထောင်စုရှေ့နေချုပ်အဖြစ် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်မှ လက်ရှိအချိန်အထိ တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ပြည်ထောင်စုရှေ့နေ့ချုပ် ရာထူးကို တာဝန်ယူသူ ပထမဦးဆုံး အမျိုးသမီးဖြစ်သည့်အပြင် ဥပဒေရေးရာဝန်ကြီးဌာန၏ ဝန်ကြီးအဖြစ် ၂၀၂၁ ခုနှစ် ဩဂုတ်လ ၃၀ ရက်မှ လက်ရှိအချိန်အထိ တာဝန်ထမ်းဆောင်နေသူဖြစ်သည်။
