သတင်း၊ ဓာတ်ပုံ၊ ရုပ်သံ - ယောအလင်းတန်း
နေမိုး
၆. ၄. ၂၀၂၆
မုဒိမ်းမှုကျူးလွန်ဖူးသူ ဆော PDF တစ်ဦးက ဆောမြို့ပေါ်တွင်ပင် အသက် (၁၃) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား ထပ်မံ၍ သက်ငယ်မုဒိမ်းကျင့်ကာ သတ်ဖြတ်အလောင်းဖျောက်မှု ယမန်နှစ် အောက်ဘာ ၂၁ ရက်က ဖြစ်ပွားခဲ့သည်ကို ယခုနှစ် ဧပြီလတွင်မှ ကျူးလွန်သူတရားခံအား NUG တရားရုံးက သေဒဏ်ချပေးလိုက်သည်ဟု ဒေသတွင်းသတင်းဖော်ပြမှုများအရ သိရှိရသည်။


ဖြစ်စဉ်မှာ ယမန်နှစ် အောက်တိုဘာ ၂၁ ရက်နေ့က ဆောမြို့၊ သီရိ(ရတနာ)ရပ်ကွက်နေ ဖခင် ဦး၀င်းခိုင်၊ မိခင်ဒေါ်ဌေးရီတို့၏ သမီးဖြစ်သူ မအေးငြိမ်းလင်း (အသက် – ၁၃ နှစ်)အား ယခင်ကလည်း မိသားစုနှင့်ရင်းနှီးကျွမ်း၀င်သည့် တရားခံဖြစ်သူ ဆော PDF မင်းမင်းစိုး(၂၁)နှစ် က လာခေါ်သဖြင့် နေအိမ်မှအတူလိုက်ပါသွားရာမှ အောက်တိုဘာ ၂၅ ရက်နေ့ နံနက်ပိုင်းအထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေခဲ့သည်ဟု ယောအလင်းတန်းက ဖော်ပြခဲ့သည်။
ထိုနေ့တွင်ပင် ပတ်၀န်းကျင်၏ သတင်းပေးပို့မှုအရ ဆောမြို့၊ ပြည်သူ့ဆေးရုံ၀န်းအတွင်း အခန်းတစ်ခုထဲ၌ ပုပ်ပွနေသည့် မအေးငြိမ်းလင်း၏ အလောင်းကိုတွေ့ရှိခဲ့သည်ဟု သိရပြီး ကျူးလွန်သူမင်းမင်းစိုးကို PDF များက လိုက်လံရှာဖွေရာမှ ညနေပိုင်းတွင် တရားခံဖြစ်သူကို ဖမ်းမိခဲ့သည်။

ကနဦးစစ်ဆေးမှုအရ တရားခံမင်းမင်းစိုးသည် ယခင်ကလည်း မုဒိမ်းမှုကျူးလွန်ဖူးသူဖြစ်ပြီး ယခုတွင်လည်း ၁၃ နှစ်သမီးငယ်ကို သက်ငယ်မုဒိမ်းကျင့်သတ်ဖြတ်ကာ အလောင်းဖျောက်မှုပြုလုပ်ခဲ့သည်ဟု ဝန်ခံခဲ့သည်ဟု သိရသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်ကလည်း NUG ဩဇာခံ ဆောမြို့နယ် PDF များက အမျိုးသမီးတစ်ဦးကို ခိုးမှုကျုးလွန်သည်စွပ်စွဲကာ အချုပ်ခန်းတွင် ဖမ်းဆီးပြီးနောက် ဆော PDF ၈ ဦးက အကြိမ်ကြိမ်အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုဖြစ်ပွားခဲ့သည်။ ထိုဖြစ်စဉ်မှာ ဖြစ်ပွားပြီး လေးလအကြာ လူမှုကွန်ရက်တွင် ပျံ့နှံ့လာမှသာ PDF မုဒိမ်းတရားခံများကို အရေးယူမည်ဖြစ်ကြောင်းနှင့် တောင်းပန်ကြောင်းစာကို ဆောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ဆောပကဖ) က ထုတ်ပြန်ပေးခဲ့သည်။



ယခု သက်ငယ်မုဒိမ်းမှုကျူးလွန်သည့် မင်းမင်းစိုးမှာလည်း ထိုအချိန်က မုဒိမ်းတရားခံဟု ကနဦးသိထားရသလို ဆော PDF များက မုဒိမ်းတရားခံကို အရေးမယူရာမှ ယခုဖြစ်စဥ် ဆက်လက်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိုသို့ ဆော PDF များက သက်ငယ်မုဒိမ်းမှုကျူးလွန်သူ မင်းမင်းစိုးကို အရေးမယူသဖြင့်လည်း ဆောမြို့ပြည်သူများက သက်ငယ်မုဒိမ်းတရားခံ မင်းမင်းစိုးကို သေဒဏ်ပေးရန် အောက်တိုဘာ ၂၆ ရက်တွင် လှည့်လည်ဆန္ဒပြခဲ့ကြသည်။
ထိုသို့ ပြည်သူများက ဆန္ဒပြတောင်းဆိုသဖြင့်သာ မုဒိမ်းမှုနှစ်ကြိမ်ကျူးလွန်ဖူးသူ ဆော PDF အား NUG တရားရုံးက ဧပြီ ၂ ရက်တွင် သေဒဏ်ချမှတ်လိုက်သော်လည်း အမှန်တကယ် သတ်ဖြတ်/မဖြတ်ကိုမူ NUG က အတည်ပြုထုတ်ပြန်လာခြင်း မရှိသေးချေ။
သတင်း၊ ဓာတ်ပုံ၊ ရုပ်သံ – ယောအလင်းတန်း


