၆. ၄. ၂၀၂၆
Written by Nyein Kyaw
နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူထံမှ အမည်စာရင်းတင်သွင်းထားသော ဦးအောင်ဇော်သိန်းအား နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ရန် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့ကြောင်း ယနေ့ နံနက် ၁၀ နာရီတွင် စတင်ကျင်းပသည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိတယနေ့ အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်လင်းဒွေးက အသိပေးကြေညာခဲ့သည်။
နိုင်ငံတော်ဖွဲ့စည်းပုံခြေခံဥပဒေ ပုဒ်မ ၃၂၀ နှင့်အညီ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကို ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင် ၉ ဦးဖြင့် ဖွဲ့စည်းရမည်ဖြစ်သည်။ ယင်းကဲ့သို့ ဖွဲ့စည်းနိုင်ရန်အတွက် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသူက ရွေးချယ်ထားသည့်အဖွဲ့ဝင် ၃ ဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်ထားသည့်အဖွဲ့ဝင် ၃ ဦးနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်ထားသည့်အဖွဲ့ဝင် ၃ ဦး စုစုပေါင်းအဖွဲ့ဝင် ၉ ဦး အမည်စာရင်း တင်သွင်းရခြင်းဖြစ်သည်။
အဆိုပါ အမည်စာရင်းတင်သွင်းခံရသူ ပုဂ္ဂိုလ် ၉ ဦးအနက်မှ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ရန် အဖွဲ့ဝင် ၁ ဦး၏ အမည်တို့ကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၂၁၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဥပဒေ ပုဒ်မ ၃၄ တို့နှင့်အညီ ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက် ရယူနိုင်ရန် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူထံမှ ၂၀၂၆ ခုနှစ် ဧပြီ ၅ ရက်နေ့ ရက်စွဲပါစာဖြင့် ပြည်ထောင်စုလွှတ်တော် နာယကထံ ပေးပို့တင်ပြထားသည်။
အဆိုပါတင်ပြထားသည့် နိုင်တော်အခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအဖြစ် ခန့်အပ်တာဝန်ပေးသင့်သည့် ပုဂ္ဂိုလ်များ၏ အမည်စာရင်းကို ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၃၀၊ နည်းဥပဒေခွဲ (က)နှင့်အညီ လွှတ်တော်သို့ ပြည်ထောင်စုလွှတ်တော် နာယက က ဖတ်ကြားတင်ပြခဲ့သည်။
အဆိုပါ အမည်စာရင်းအရ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူက ရွေးချယ်ထားသည့်အဖွဲ့ဝင် ၃ ဦးမှာ (၁) ဦးအောင်ဇော်သိန်း၊ (၂) ဦးဉာဏ်ထွန်း၊ (၃) ဦးမျိုးတင့်တို့ဖြစ်ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်ထားသည့်အဖွဲ့ဝင် ၃ ဦးသည် (၁) ဦးကျော်စန်း၊ (၂) ဦးတူးမော်၊ (၃) ဒေါ်စုစုဝင်းတို့ဖြစ်ကာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်ထားသည့်အဖွဲ့ဝင် ၃ ဦးသည် (၁) ဒေါ်ဥမ္မာအေး၊ (၂) ဦးတင့်ဝေ၊ (၃) ဒေါက်တာမာလာမော်တို့ဖြစ်သည်။
အထက်ပါ ပုဂ္ဂိုလ် ၉ ဦးအနက်မှ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူက ရွေးချယ်ထားသည့် ဦးအောင်ဇော်သိန်းအား ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ရန် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြထားကြောင်း ပြည်ထောင်စုလွှတ်တော် နာယက က တင်ပြခဲ့သည်။
နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူက အဆိုပြုတင်ပြထားသည့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် အမည်စာရင်းများနှင့် စပ်လျဉ်းပြီး ခန့်အပ်ရန်သဘောတူကြောင်း ကြေညာခြင်း သို့မဟုတ် ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ကန့်ကွက်ကြောင်း အဆိုတင်သွင်းခြင်းတို့ကို ၂၀၂၆ ခုနှစ်၊ ဧပြီ ၉ ရက် (ကြာသပတေးနေ့)တွင် နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက က ကြေညာခဲ့သည်။
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား သတ်မှတ်ထားသည့် အရည်အချင်းများ မပြည့်စုံကြောင်း သက်သေအထင်အရှားပြ၍ ကန့်ကွက်လိုသူများရှိပါက ၂၀၂၆ ခုနှစ် ဧပြီ ၈ ရက် (ဗုဒ္ဓဟူးနေ့) နေ့လယ် ၁၂ နာရီ နောက်ဆုံးထားပြီး ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းပေးပို့နိုင်ကြောင်း နာယက က ပြောကြားသည်။

