
၂၇.၃.၂၀၂၆
Written by Linn Eain
ဖုန်းနှင့် မိုဘိုင်းကွန်ရက်သုံးဆက်သွယ်ရေးပစ္စည်းများကို ပြည်ပမှတင်သွင်းလိုသည့် ကုမ္ပဏီများအနေဖြင့် CEIR Importer Portal အသုံးပြုခွင့် မှတ်ပုံတင်လျှောက်ထားခြင်းနှင့် ပတ်သက်၍ ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံ မှတ်ပုံတင်စနစ်- CEIR နှင့် EIR စနစ် စီမံကိန်းဦးစီးကော်မတီက အသိပေးကြေညာထားသည်။
၂၀၂၆ ခုနှစ်၊ ဧပြီလ(၁) ရက်နေ့မှစ၍ မိုဘိုင်းလက်ကိုင်ဖုန်း(Handset) များနှင့် မိုဘိုင်းကွန်ရက်သုံးဆက်သွယ်ရေးပစ္စည်းများကို ပြည်ပမှတင်သွင်းလိုသည့်ကုမ္ပဏီများအနေဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ တင်သွင်းဆောင်ရွက်ကြရမည်ဖြစ်ပြီး ကျသင့်အခွန်များကို ပေးဆောင်ပြီးလျှင် CEIR စနစ်ရှိ ခွင့်ပြုစာရင်းတွင် ထည့်သွင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ CEIR Importer Portal အသုံးပြုခွင့် မှတ်ပုံတင်လျှောက်ထားခြင်းနှင့် ပတ်သက်၍ အဆင့်သုံးဆင့်ဖြင့် လျှောက်ထားရမည်ဖြစ်သည်။
ဦးစွာ အဆင့်တစ်တွင် နည်းပညာဆိုင်ရာစံချိန်စံညွှန်းထောက်ခံချက်လျှောက်ထားခြင်းအနေဖြင့် ဆက်သွယ်ရေးဥပဒေ၊ အခန်း(၈)၊ နည်းပညာဆိုင်ရာ စံချိန်စံညွှန်းများ ပုဒ်မ ၂၇ အရ ကွန်ရက်အထောက် အကူပြုပစ္စည်း (သို့မဟုတ်) ဆက်သွယ်ရေးစက်ပစ္စည်းတစ်မျိုးမျိုးကို ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း သို့မဟုတ် ဖြန့်ချိခြင်း ပြုလုပ်လိုသူသည် မိမိထုတ်လုပ်ခြင်း၊ ရောင်းချခြင်း (သို့မဟုတ်) ဖြန့်ချိခြင်းပြုမည့် ကွန်ရက်အထောက်အကူပြုပစ္စည်း (သို့မဟုတ်) ဆက်သွယ်ရေးစက်ပစ္စည်းအမျိုးအစားများ၏ နည်းပညာဆိုင်ရာ စံချိန်စံညွှန်းထောက်ခံချက်ရရှိရန် သတ်မှတ်ထားသည့်အတိုင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသို့ လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် အဆင့်နှစ်တွင် သွင်းကုန်လိုင်စင် လျှောက်ထားခြင်းအနေဖြင့် မိုဘိုင်းလက်ကိုင်ဖုန်း(Handset)များနှင့် မိုဘိုင်းကွန်ရက်သုံးဆက်သွယ်ရေးပစ္စည်းများအတွက် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ တင်သွင်းခွင့်ထောက်ခံချက်ရရှိပြီးပါက အဆိုပါထောက်ခံချက်ဖြင့် ကုန်သွယ်ရေးဦးစီးဌာန၏ TradeNet 2.0 စနစ်တွင် သွင်းကုန်လိုင်စင်လျှောက်ထားခြင်းကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ အဆင့်သုံးတွင် CEIR စနစ်၌ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအနေဖြင့် သွင်းကုန်လိုင်စင်ဖြင့် ပြည်ပမှတင်သွင်းလာသော မိုဘိုင်းလက်ကိုင်ဖုန်း(Handset) များ တင်သွင်းသူများအနေဖြင့် CEIR ID လျှောက်ထားနိုင်ရန်အတွက် ဦးစွာ CEIR Importer Portal အသုံးပြုခွင့် (System User Registration) ကို ဖော်ပြပါအထောက်အထားများ တင်ပြလျှောက်ထားရမည်ဖြစ်သည်။
အဆိုပါအထောက်အထားများမှာ (၁) ကုမ္ပဏီ၏ Letter Head ပါ လျှောက်လွှာ၊ (၂) ကုမ္ပဏီမှတ်ပုံတင်လက်မှတ်(မိတ္တူ)၊ (၃) အခွန်ထမ်းမှတ်ပုံတင်လက်မှတ်(မိတ္တူ)၊ (၄) ကုန်သွယ်ရေးဦးစီးဌာန၏ သွင်းကုန်လိုင်စင်(မိတ္တူ)၊ (၅) လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား(မိတ္တူ)၊ (၆) ဒါရိုက်တာတစ်ဦး လက်မှတ်ရေးထိုးထားသည့် ကိုယ်စားလှယ်လွှဲစာ (ကိုယ်စားလှယ်ဖြင့် ဆောင်ရွက်ပါက)တို့ဖြင့် နေပြည်တော်၊ ရုံးအမှတ်(၄၆)၊ ပြည်တွင်းအခွန်များဦးစီးဌာနရှိ CEIR Technical Support Center တွင် လျှောက်ထားရမည်ဖြစ်ပြီး ဖုန်းနံပါတ် ၀၆၇-၃၄၃၀၀၃၂၊ email – [email protected] တို့ကိုလည်း ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သိရသည်။
ပြည်ပမှ တင်သွင်းသည့် မိုဘိုင်းလက်ကိုင်ဖုန်း(Handset)များ။ မိုဘိုင်းလက်ကိုင်ဖုန်း (Handset) များကို ပြည်ပမှတင်သွင်းမည့်သူများအနေဖြင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ် ရေးညွှန်ကြားမှုဦးစီးဌာနတွင် တင်သွင်းမည့် မိုဘိုင်းလက်ကိုင်ဖုန်း(Handset)များအတွက် နည်းပညာ ဆိုင်ရာ စံချိန်စံညွှန်းထောက်ခံချက်ကို လျှောက်ထားရယူပြီး အဆိုပါထောက်ခံချက်နှင့်အတူ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနတွင် သွင်းကုန်လိုင်စင် လျှောက်ထား ရယူ၍ လုပ်ထုံးလုပ်နည်းနှင့်အညီ တရားဝင်တင်သွင်းကြရမည်ဖြစ်ကြောင်း CEIR နှင့် EIR စနစ် စီမံကိန်းဦးစီးကော်မတီက ထုတ်ပြန်ကြေညာထားပြီးဖြစ်ကြောင်း သိရသည်။
