
သက်တံ့
၂၇. ၃. ၂၀၂၆
မြန်မာနိုင်ငံရှိ စစ်ပွဲများအတွင်း လက်နက်ကိုင်အဖွဲ့တစ်ခုနှင့် ပူးပေါင်းကာ တိုက်ခိုက်ရေးလုပ်ငန်းများတွင် ပါဝင်ရန် ကြံစည်ခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် ဩစတြေးလျနိုင်ငံ၊ ကွင်းစလန်းပြည်နယ်မှ အမျိုးသားတစ်ဦးကို နိုင်ငံခြားစစ်ပွဲများတွင် ပါဝင်ပတ်သက်မှုဆိုင်ရာ ပြစ်မှု (Foreign Incursion Offence) ဖြင့် တရားစွဲဆိုလိုက်ကြောင်း သိရသည်။
အသက် ၃၃ နှစ်အရွယ်ရှိ ဩစတြေးလျနိုင်ငံသား Attilio Ivor Filip Dallavalle ဆိုသူသည် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့ကြောင်း၊ ထိုမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ကာ လက်နက်ကိုင်အဖွဲ့တစ်ခုနှင့်ပူးပေါင်း၍ ‘ရန်လိုသော တိုက်ခိုက်မှုလုပ်ငန်းများ’ (Hostile Activities) တွင် ပါဝင်ရန် ကြံစည်ခဲ့ကြောင်း ရဲတပ်ဖွဲ့က စွပ်စွဲထားသည်။
၎င်းသည် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် ဘရစ္စဘိန်းလေဆိပ် (Brisbane Airport) သို့ လေယာဉ်ဖြင့် ပြန်လည်ရောက်ရှိလာချိန်၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ဩစတြေးလျ ဖက်ဒရယ်ရဲတပ်ဖွဲ့ (AFP) နှင့် ကွင်းစလန်းရဲတပ်ဖွဲ့တို့သည် ရော့ခ်ဟမ်းပ်တန် (Rockhampton) ရှိ ၎င်း၏နေအိမ်ကိုလည်း ဝရမ်းဖြင့် ဝင်ရောက်ရှာဖွေခဲ့ကြသည်။
လေဆိပ်တွင် ဩစတြေးလျ နယ်ခြားစောင့်တပ်ဖွဲ့ (ABF) က စစ်ဆေးရာ ၎င်း၏ ခရီးဆောင်အိတ်အတွင်းမှ ညကြည့်မှန်ပြောင်း (Night-vision equipment) ကဲ့သို့သော စစ်ဘက်သုံးပစ္စည်းများ၊ စစ်ဘက်ဆိုင်ရာ အမှတ်တံဆိပ်များ (Military patches) ကို တွေ့ရှိခဲ့သည်။
ထို့အပြင် ၎င်း၏ အီလက်ထရွန်နစ်ပစ္စည်းများအတွင်း၌လည်း အကြမ်းဖက်မှုတိုက်ဖျက်ရေးအဖွဲ့က စိတ်ဝင်တစား စောင့်ကြည့်နေသည့် အထောက်အထားများကို တွေ့ရှိခဲ့ရသည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။
ဩစတြေးလျ ဖက်ဒရယ်ရဲတပ်ဖွဲ့ (AFP) မှ လက်ထောက်ရဲမင်းကြီး Stephen Nutt က “နိုင်ငံခြားမှာရှိတဲ့ တိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်ဖို့ ဩစတြေးလျကနေ ထွက်ခွာတာဟာ ပြင်းထန်တဲ့ ရာဇဝတ်မှုဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
ထိုသို့ လုပ်ဆောင်ရန် ကြိုးပမ်းသူ မည်သူ့ကိုမဆို စုံစမ်းစစ်ဆေးသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်းလည်း ၎င်းက သတိပေးခဲ့သည်။
Dallavalle ကို ကြာသပတေးနေ့တွင် ဘရစ္စဘိန်းတရားရုံး (Magistrates Court) သို့ ရုံးထုတ်ခဲ့ပြီး လာမည့် မေလတွင် ပြုလုပ်မည့် ရုံးချိန်းအထိ ချုပ်နှောင်ထားရန် တရားရုံးက အမိန့်ပေးခဲ့သည်။
ဩစတြေးလျနိုင်ငံ၏ နိုင်ငံခြားကျူးကျော်ဝင်ရောက်မှုဆိုင်ရာ ဥပဒေအရ ဤပြစ်မှုအတွက် အမြင့်ဆုံးပြစ်ဒဏ်မှာ တစ်သက်တစ်ကျွန်း အထိ ချမှတ်ခံရနိုင်ကြောင်း သိရသည်။
Ref: ABC
