သက်တံ့
၂၇. ၃. ၂၀၂၆
ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်နေ့က အိန္ဒိယနိုင်ငံ မီဇိုရမ်နယ်စပ်မှာ မြန်မာနိုင်ငံဘက်ကို ခိုးဝင်ပြီး သူငယ်ချင်းဖြစ်သူနဲ့ တွေ့ဆုံဖို့ ကြိုးစားခဲ့တဲ့ အသက် ၅၈ နှစ်အရွယ် စလိုဗက်ကီးယား (Slovak Republic) နိုင်ငံသားတစ်ဦးကို အာသံရိုင်ဖယ် (Assam Rifles) တပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ အစိုးရတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ထိုင်းနိုင်ငံမှာ နေထိုင်တဲ့ အဆိုပါ စလိုဗက်ကီးယားအမျိုးသားဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ထိုင်းက အပန်းဖြေစခန်းတစ်ခုမှာ အတူအလုပ်လုပ်ခဲ့ဖူးတဲ့ မြန်မာသူငယ်ချင်းဖြစ်သူရဲ့ အကြံပေးချက်အရ ဘန်ကောက်ကနေ ကာလကတ္တား၊ အဲဒီကတစ်ဆင့် အိုက်ဇော (Aizawl) မြို့ကို လာခဲ့တာပါ။
“ဒါဟာ သူ အိန္ဒိယကို ပထမဆုံးအကြိမ် လာတာပါ။ သူငယ်ချင်းဖြစ်သူ ပြောတဲ့အတိုင်း ကာလကတ္တားကနေ အိုက်ဇောကို လေယာဉ်နဲ့လာပြီး၊ အဲဒီကနေ မီဇိုရမ်တောင်ပိုင်းက လုံပက် (Lungpuk) ရွာကို တက္ကစီနဲ့ ဆက်သွားခဲ့တာပါ။ နယ်စပ်ကို ဖြတ်ကျော်ပြီးတာနဲ့ သူ့သူငယ်ချင်းက လာကြိုဖို့ စီစဉ်ထားတာလို့ သိရပါတယ်” လို့ တာဝန်ရှိသူက ဆိုပါတယ်။
ဧပြီလ ၁၃ ရက်နေ့မှာ စတင်မယ့် မြန်မာ့နှစ်သစ်ကူး သင်္ကြန်ပွဲတော်ကို ဆင်နွှဲဖို့အတွက် ရခိုင်ပြည်နယ်၊ ရမ်းဗြဲကျွန်းက သူငယ်ချင်းအိမ်ကို သွားဖို့ ရည်ရွယ်ထားတာလို့ သူက တာဝန်ရှိသူတွေကို ပြောပြခဲ့ပါတယ်။
မီဇိုရမ် ရဲချုပ် Sharad Agarwal ကတော့ အဆိုပါ စလိုဗက်ကီးယားအမျိုးသားရဲ့ နောက်ကြောင်းရာဇဝင်တွေကို စစ်ဆေးနေဆဲဖြစ်ပြီး သူ့ကို တရားဝင် အကျဉ်းချ ဖမ်းဆီးထားတာမျိုးတော့ မဟုတ်သေးဘူးလို့ The Hindu သတင်းဌာနကို ပြောပါတယ်။
အခြား အစိုးရတာဝန်ရှိသူတစ်ဦးကတော့ အဲဒီနိုင်ငံခြားသားမှာ ကန့်သတ်နယ်မြေ ဝင်ရောက်ခွင့်လက်မှတ် (Protected Area Permit – PAP) မပါတာကြောင့် ပြည်နှင်ဒဏ်ပေးခံရဖို့ များတယ်လို့ ဆိုပါတယ်။ သူ့ဆီကနေ တခြားထူးခြားတဲ့ သံသယဖြစ်ဖွယ် ပစ္စည်းတွေတော့ မတွေ့ရဘူးလို့ သိရပါတယ်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၇ ရက်နေ့ကစပြီး အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာနဟာ မဏိပူရ်၊ နာဂလန်းနဲ့ မီဇိုရမ်ပြည်နယ်တွေမှာ အရင်ကပေးထားတဲ့ ဖြေလျှော့မှုတွေကို ရုပ်သိမ်းခဲ့ပါတယ်။ အရင်ကတော့ နိုင်ငံခြားသားတွေဟာ ခွင့်ပြုချက် ကြိုတင်ယူစရာမလိုဘဲ ခရီးသွားလာခွင့် ရခဲ့ပေမဲ့ အခုတော့ နယ်စပ်ဒေသ လုံခြုံရေး စိုးရိမ်ရမှုတွေကြောင့် ၁၄ နှစ်ကြာ ဖြေလျှော့ပေးထားမှုကို ပြန်လည်ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။
အိန္ဒိယနဲ့ မြန်မာနိုင်ငံဟာ ခြံစည်းရိုးမခတ်ထားတဲ့ နယ်စပ်ချင်း ထိစပ်နေတာဖြစ်ပြီး အာသံရိုင်ဖယ်တပ်ဖွဲ့က နယ်စပ်လုံခြုံရေးကို တာဝန်ယူထားတာပါ။
အခု စလိုဗက်ကီးယားအမျိုးသား ဖမ်းဆီးခံရမှုဟာ မကြာသေးခင် မတ်လ ၁၃ ရက်နေ့က အမေရိကန်နိုင်ငံသားတစ်ဦးနဲ့ ယူကရိန်းနိုင်ငံသား ၆ ဦး ဖမ်းဆီးခံရမှုနဲ့ ကပ်လျက်ဖြစ်ပွားခဲ့တာပါ။ သူတို့ဟာ မီဇိုရမ်နယ်စပ်ကနေ မြန်မာနိုင်ငံထဲကို ခိုးဝင်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို လက်နက်ကိုင်တွယ်နည်းနဲ့ ဒရုန်းနည်းပညာတွေ သင်တန်းပေးဖို့ ကြိုးစားခဲ့သူတွေ ဖြစ်ပါတယ်။ လက်ရှိမှာတော့ သူတို့ကို အိန္ဒိယ အမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) က ထိန်းသိမ်းထားပြီး ဥရောပကနေ အိန္ဒိယကိုဖြတ်ပြီး မြန်မာပြည်ထဲက လက်နက်ကိုင်အဖွဲ့တွေဆီ ဒရုန်းတွေ တင်သွင်းဖို့ ကြိုးစားခဲ့တယ်လို့လည်း သံသယရှိနေကြပါတယ်။
Ref : The Hindu
