သက်တံ့
၂၇. ၃. ၂၀၂၆
၄၈ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို မေလ ၈ ရက်မှ ၉ ရက်အထိ စီဘူးမြို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက အတည်ပြုပြောကြားခဲ့သည်ဟု ဒေသတွင်းသတင်းဌာနများက သောကြာနေ့ (မတ် ၂၇ ရက်) တွင် ဖော်ပြခဲ့ကြသည်။
ဖိလစ်ပိုင်သတင်းအေဂျင်စီ (PNA) ၏ ဖော်ပြချက်အရ သမ္မတမားကို့စ်သည် အဆိုပါသတင်းထုတ်ပြန်ချက်ကို သောကြာနေ့က ကာဗိုက်ပြည်နယ်၊ ဆီလန်းမြို့ (Silang, Cavite) ၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အရှေ့အလယ်ပိုင်းပဋိပက္ခနှင့် ဆက်စပ်၍ စက်သုံးဆီအကျပ်အတည်းများ ဖြစ်ပေါ်နေသော်လည်း အစည်းအဝေးကို ဆက်လက်ကျင်းပရန် အာဆီယံအဖွဲ့ဝင်နိုင်ငံများက သဘောတူညီခဲ့ကြကြောင်း မားကို့စ်က ပြောကြားခဲ့သည်။
ယခုထိပ်သီးအစည်းအဝေးတွင် ဆွေးနွေးမည့် အဓိကအကြောင်းအရာများမှာ ရေနံနှင့် ရေနံထွက်ပစ္စည်း ထောက်ပံ့မှု၊ ရိက္ခာထောက်ပံ့မှုနှင့် ဈေးနှုန်းများ၊ ပြည်ပရောက် လုပ်သားရေးရာ ကိစ္စရပ်များအပေါ် အဓိကထား ဆွေးနွေးသွားမည်ဖြစ်ကြောင်း မားကို့စ်က မှတ်ချက်ပြုခဲ့သည်။ သို့သော်လည်း အဆိုပါထိပ်သီးအစည်းအဝေးကို အခြေခံအကျဆုံး လိုအပ်ချက်များဖြင့်သာ ကျင်းပမည့် “Bare-bones” (အကျဉ်းချုံး) အဆင့် အစည်းအဝေးအဖြစ် လျှော့ချကျင်းပသွားမည်ဟု ဆိုသည်။
ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၆ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို ရယူထားခြင်းဖြစ်သည်။
Ref : Xinhua
