




၂၇. ၃. ၂၀၂၆
Written by Nyein Kyaw
တပ်မတော်အပိုင်းတွင်လည်း (၈၁)နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားပြီးဆုံးသည့် နောက်ပိုင်းတွင် ခေါင်းဆောင်ပိုင်း အပြောင်းအလဲများ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားသည်။
ယမန်နေ့ မွန်းလွဲပိုင်းတွင် ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက်တွင် ကျရောက်မည့် (၈၁) နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြ အခမ်းအနားသို့ ပါဝင်တက်ရောက်ကြမည့် တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့ကြသော အငြိမ်းစားတပ်မတော်အရာရှိကြီးများအား တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက ဂါရဝပြုကန်တော့သည့် အခမ်းအနားတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်က ဦးဆောင်ကျင်းပသည့် လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို အပိုင်း (၃)ပိုင်းဖြင့် ၂၆၃ မြို့နယ်တွင် ကျင်းပခဲ့ရာ မဲပေးခွင့်ရှိသည့် လူဦးရေ၏ ၅၄ ဒသမ ၂၈ ရာခိုင်နှုန်း မိမိဆန္ဒအလျှောက် စည်းကမ်းစနစ်တကျဖြင့် လာရောက်ဆန္ဒမဲပေးခဲ့ကြသည်အထိကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
ပြည်သူများကလည်း မိမိတို့၏ ရပ်ရွာ၊ မြို့နယ်၊ တိုင်းပြည်အကျိုးကို အောင်မြင်စွာ ဆောင်ရွက်ပေးနိုင်မည်ဟု ယုံကြည်သည့်ပါတီနှင့် လူပုဂ္ဂိုလ်တို့ကို ယုံကြည်ချက်ဖြင့် ရွေးချယ်မဲပေးခဲ့ကြကြောင်း၊ ယခုအခါ ပြည်သူရွေးချယ်ပေးခဲ့ကြသည့် ပြည်သူ့ကိုယ်စားလှယ်များက ပြည်ထောင်စု လွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တို့ အသီးသီး၌လုပ်ငန်းများ စတင်ဆောင်ရွက်နေကြပြီဖြစ်ပြီး မကြာမီရက်ပိုင်းအတွင်း သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ကာ ဒီမိုကရေစီအစိုးရသစ်တစ်ရပ်ပေါ်ထွန်းလာတော့မည်ဖြစ်ကြောင်း၊ အဆိုပါ ပေါ်ထွန်းလာမည့် ဒီမိုကရေစီအစိုးရအသစ်အား နိုင်ငံတော်တာဝန်ကို လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
အလားတူ တပ်မတော်အပိုင်းတွင်လည်း (၈၁) နှစ်မြောက်တပ်မတော်နေ့ အခမ်းအနားပြီးဆုံးသည့် နောက်ပိုင်းတွင် ခေါင်းဆောင်ပိုင်းအပြောင်းအလဲများ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း၊ မည်သူဦးဆောင်သည်ဖြစ်စေ တပ်မတော်အနေဖြင့် တပ်မတော်၏ ခေါင်းဆောင်အစဉ်အဆက်၊ သင်ဆရာ၊ ကြားဆရာ၊ မြင်ဆရာများ၏ လမ်းညွှန်းချက်များအတိုင်း၊ စစ်ပညာရပ်များအတိုင်း၊ ချမှတ်ထားသည့် မူဝါဒလမ်းစဉ်များအတိုင်း ဆက်လက်လျှောက်လှမ်းကြမည်ဖြစ်ကြောင်း ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
