


သက်တံ့
၂၇. ၃. ၂၀၂၆
အိန္ဒိယဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CBI) သည် အိန္ဒိယနိုင်ငံသားများကို မြန်မာနိုင်ငံရှိ ကျားဖြန့်အွန်လိုင်းလိမ်လည်မှုဇုန် (ဆိုက်ဘာလိမ်လည်မှုဇုန်) များသို့ လူကုန်ကူးနေသည့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ဂိုဏ်း၏ ခေါင်းကိုင်ဖခင်ကို သတင်းအချက်အလက်အခြေပြု အဓိကစစ်ဆင်ရေးတစ်ခုဖြင့် ဖမ်းဆီးနိုင်ခဲ့သည်။
ဖမ်းဆီးခံရသူမှာ မွန်ဘိုင်းမြို့တွင် နေထိုင်သည့် Sunil Nellathu Ramakrishnan (ခေါ်) Krish ဖြစ်ကြောင်း CBI က အတည်ပြုထားသည်။
အဆိုပါ ကျားဖြန့်အွန်လိုင်းလိမ်လည်မှုဇုန်များသည် မြန်မာနိုင်ငံ၊ မြဝတီဒေသရှိ KK Park ကဲ့သို့သော နေရာများတွင် အဓိကတည်ရှိနေခြင်းဖြစ်သည်။ ထိုင်းနိုင်ငံတွင် လစာကောင်းသော အလုပ်အကိုင်အခွင့်အလမ်းများ ရရှိမည်ဟု အကြောင်းပြကာ သားကောင်များကို မြှူဆွယ်ဖြားယောင်းနေသည့် စနစ်တကျဖွဲ့စည်းထားသော နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများ ရှိနေကြောင်းလည်း CBI အရာရှိများက ပြောကြားခဲ့သည်။
ထိုကွန်ရက်သည် ဆိုက်ဘာကျွန်ပြုမည့်သားကောင်များကို ဦးစွာ ဒေလီမှ ဘန်ကောက်သို့ ပို့ဆောင်ကာ ထိုမှတစ်ဆင့် မြန်မာနိုင်ငံသို့ လျှို့ဝှက်စွာ လမ်းကြောင်းလွှဲပို့ဆောင်ပြီး အွန်လိုင်းလိမ်လည်မှုဌာနများတွင် အဓမ္မစေခိုင်းသည်ဟု သိရသည်။
အဆိုပါဌာနများတွင် အိန္ဒိယအပါအဝင် ကမ္ဘာတစ်ဝန်းရှိ လူများကို ပစ်မှတ်ထားကာ ဒစ်ဂျစ်တယ်ဖမ်းဝရမ်းပြလိမ်လည်မှု (Digital arrest scams)၊ အချစ်ရေးအယောင်ဆောင်လိမ်လည်မှု (Romance frauds) နှင့် ခရစ်ပ်တိုငွေကြေး ရင်းနှီးမြှုပ်နှံမှုလိမ်လည်မှုများကို လုပ်ဆောင်ရန် ဖိအားပေးစေခိုင်းခံရသည်။
လူကုန်ကူးခံရသူများသည် မတရားဖမ်းဆီးချုပ်နှောင်ခံရခြင်း၊ အစဉ်တစိုက် ခြိမ်းခြောက်ခံရခြင်း၊ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ခံရခြင်းတို့အပြင် သွားလာလှုပ်ရှားမှုကိုလည်း ပြင်းထန်စွာ ကန့်သတ်ခံကြရသည်။
၂၀၂၅ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံသားအချို့သည် အဆိုပါလိမ်လည်မှုဇုန်များမှ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ထိုင်းနိုင်ငံသို့ ရောက်ရှိခဲ့သည်။ ၎င်းတို့ကို ၂၀၂၅ ခုနှစ် မတ်လနှင့် နိုဝင်ဘာလများတွင် အိန္ဒိယနိုင်ငံသို့ ပြန်လည်ပို့ဆောင်နိုင်ခဲ့သည်။
CBI သည် လူကုန်ကူးမှုကွန်ရက်၏ လုပ်ဆောင်ပုံနှင့် ဆိုက်ဘာလိမ်လည်မှုဌာနများ၏ လည်ပတ်ပုံကို နားလည်နိုင်ရန် အဆိုပါလွတ်မြောက်လာသူများကို အသေးစိတ် တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့သည်။
ရရှိလာသည့် သတင်းအချက်အလက်များအပေါ် အခြေခံ၍ CBI သည် အဆိုပါလုပ်ငန်းများ၏ နောက်ကွယ်မှ အဓိကကြိုးကိုင်သူများကို ဖော်ထုတ်ရန် စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
”Sunil (ခေါ်) Krish ဟာ ဒီလူကုန်ကူးမှုကွန်ရက်မှာ အဓိက အကူအညီပေးသူနဲ့ ခေါင်းကိုင်ဖခင်တစ်ဦးအဖြစ် ပေါ်ထွက်လာခဲ့ပြီး အရှေ့တောင်အာရှမှာ သားကောင်တွေကို တရားမဝင် ပို့ဆောင်တာနဲ့ ခေါင်းပုံဖြတ်တာတွေမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတာဖြစ်ပါတယ်” ဟု အရာရှိများက ဆိုသည်။
တရားခံ၏ လှုပ်ရှားမှုများကို အနီးကပ်စောင့်ကြည့်ခဲ့ပြီး ၎င်းအိန္ဒိယသို့ ပြန်ရောက်လာချိန်တွင် မွန်ဘိုင်းမြို့၌ CBI က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ၎င်း၏နေအိမ်ကို ရှာဖွေရာတွင် မြန်မာနှင့် ကမ္ဘောဒီးယားရှိ လူကုန်ကူးမှုလုပ်ငန်းစဉ်များနှင့် ဆက်စပ်နေသည့် အထောက်အထားဖြစ်စေသော ဒစ်ဂျစ်တယ်သက်သေခံပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။
CBI အနေဖြင့် ဤနိုင်ငံဖြတ်ကျော်လူကုန်ကူးမှုကွန်ရက်တွင် ပါဝင်နေသည့် နိုင်ငံခြားသားများအပါအဝင် အခြားတရားခံများကို ဖော်ထုတ်ဖမ်းဆီးနိုင်ရန်နှင့် လုပ်ငန်းစဉ်တစ်ခုလုံးကို အမြစ်ပြတ်ဖော်ထုတ်နိုင်ရန် ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိသည်။
KK Park သည် မြန်မာ-ထိုင်းနယ်စပ်တစ်လျှောက်တွင် အခြေစိုက်ထားသော ခိုင်ခံ့သည့် ဝင်းများဖြင့် တည်ဆောက်ထားသည့် နေရာတစ်ခုဖြစ်ပြီး အဆိုပါစင်တာများသည် အထူးစီးပွားရေးဇုန် (Special Economic Zones) အမည်ခံကာ လည်ပတ်နေခြင်းဖြစ်သော်လည်း လက်ရှိအချိန်တွင် ထိုဝင်းတစ်ခုလုံးကို မြန်မာအစိုးရနှင့် တပ်မတော်က ဖြိုချဖျက်ဆီးလိုက်ပြီဖြစ်သည်။
ပုံစာ။ ဆိုက်ဘာကျွန်ပြုခံရသော အိန္ဒိယနိုင်ငံသားများကို မြန်မာအစိုးရကယ်တင်ပြီးနောက် အမိနိုင်ငံသို့ ပြန်လည်ပို့ဆောင်မှုပုံရိပ်။
Ref : Deccan Herald
