၂၇.၃.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်ရဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ခရီးစဉ်ကို အရှေ့အလယ်ပိုင်းပဋိပက္ခအရေးကြောင့် မေလသို့ ရွှေ့ဆိုင်းခဲ့ရပြီးနောက် သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖိန်တို့အကြား ကြာမြင့်စွာ စောင့်မျှော်ခဲ့ရတဲ့ တွေ့ဆုံမှုကို မေလ ၁၄ ရက်နဲ့ ၁၅ ရက်တို့မှာ ပေကျင်းမြို့မှာ ကျင်းပမယ်လို့ အိမ်ဖြူတော်က မတ်လ ၂၅ ရက်က ပြောကြားခဲ့ပါတယ်။
သမ္မတ ထရမ့်ပ်နဲ့ သမ္မတကတော် မယ်လာနီယာထရမ့်ပ်တို့ဟာလည်း ၂၀၂၆ ခုနှစ်နှောင်းပိုင်းမှာ တရုတ်သမ္မတ ရှီကျင့်ဖိန်နဲ့ မဒမ်ပန်လီယွမ်တို့ကို အပြန်အလှန်ချစ်ကြည်ရေးခရီးစဉ် လည်ပတ်မှုအဖြစ် ဝါရှင်တန်ဒီစီမှာ အိမ်ရှင်အဖြစ် လက်ခံကြိုဆိုကြမှာပါ။ အခုနှစ်နှောင်းပိုင်းမှာ ရက်စွဲအတိအကျကို ကြေညာမယ်လို့ အိမ်ဖြူတော် ပြန်ကြားရေးအတွင်းရေးမှူး ကာရိုလင်း လီဗစ်က သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားခဲ့ပါတယ်။
အီရန်စစ်ပွဲဖြစ်ပွားခဲ့လို့ အမေရိကန်က တရုတ်နိုင်ငံမှာကျင်းပမယ့် ထိပ်သီးအစည်းအဝေးကို တစ်လခန့် ရွှေ့ဆိုင်းဖို့ တောင်းဆိုခဲ့တယ်လို့ ထရမ့်ပ်က အရင်က ပြောကြားခဲ့ပါတယ်။
မတ်လ ၂၅ ရက်ကကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအပြီးမှာ ထရမ့်ပ်က လူမှုမီဒီယာ Truth Social ပို့စ်တစ်ခုမှာ “အမေရိကန်ကိုယ်စားလှယ်တွေဟာ ဒီသမိုင်းဝင်ခရီးစဉ်တွေအတွက် ပြင်ဆင်မှုတွေကို အပြီးသတ်လုပ်ဆောင်နေတယ်” လို့ ပြောကြားခဲ့ပါတယ်။
ထရမ့်ပ်က “ကျွန်တော်ကတော့ သမ္မတရှီနဲ့အတူ အချိန်ဖြုန်းဖို့ မျှော်လင့်ပါတယ်၊ အထိမ်းအမှတ်ပွဲတစ်ခု ဖြစ်လာမှာ သေချာပါတယ်”လို့ သူ့ရဲ့ပို့စ်မှာ ပြောကြားခဲ့ပါတယ်။
Ref- CNBC
