နေမိုး
၂၇. ၃. ၂၀၂၆
မဲမသမာမှုဖြင့် NLD အစိုးရဖြုတ်ချခံရမှုကို မကျေနပ်မှုကြောင့် နိုင်ငံတစ်ဝန်းတွင် ထကြွလာသော PDF များက ပြည်သူများသွားလာရာလမ်းပင်မရှောင် မြေမြုပ်မိုင်းများထောင်မှုကြောင့် မြန်မာနိုင်ငံတစ်ဝန်း မိုင်းကွင်းများသာဖြစ်နေသလို ကမ္ဘာပေါ်တွင်လည်း မြေမြှုပ်မိုင်းကြောင့် သေဆုံးဒဏ်ရာရမှုအများဆုံးဖြစ်လာသည့် မြန်မာနိုင်ငံတွင် ယခုလည်း PDF များ ထောင်ထားသည့် မိုင်းကို ဆိုင်ကယ်ဖြင့် ဝင်တိုက်မိသည့် မိသားစုသုံးဦးမှာ အမိအဖသေဆုံးကာ သမီးဖြစ်သူ ဒဏ်ရာရမှု ချောက်မြို့တွင် ဖြစ်ပွားခဲ့ပြန်သည်။

တပ်မတော်ကို တိုက်ခိုက်မှုဟု အမည်တပ်ကာ PDF များ ထောင်ထားသည့် မိုင်းဒဏ်ကို ပြည်သူများသာခံစားနေရသည့် ယခုဖြစ်စဥ်မှာလည်း ၂၀၂၆ ခုနှစ် မတ် ၂၄ ရက်နေ့က ချောက်မြို့နယ်၊ မကျီးစောက်ကျေးရွာအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဖြစ်စဥ်တွင် မတ်လ ၂၄ ရက် မွန်းလွဲ ၁၂ နာရီခွဲအချိန် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်ပြည်သူ့ဆေးရုံ၌ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသား တစ်ဦး၊ အမျိုးသမီး တစ်ဦးနှင့် ထိခိုက်ဒဏ်ရာရရှိထားသူ အမျိုးသမီး တစ်ဦးတို့ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ ချောက်မြို့နယ်၊ မင်းကန်ကျေးရွာနေ ဦးဟန်လင်း(၅၈)နှစ်သည် ၎င်း၏ဇနီးဖြစ်သူ ဒေါ်မော်မော်ဌေး(၅၀)နှစ်၊ သမီးဖြစ်သူ မခင်စုစုဟန်(၁၇)နှစ်တို့နှင့်အတူ မင်းကန်ကျေးရွာမှ ချောက်မြို့သို့ ဆိုင်ကယ်ဖြင့် မောင်းနှင်ထွက်ခွာလာစဉ် မကျီးစောက်ကျေးရွာမြောက်ဘက် နှစ်ဖာလုံခန့်အကွာအရောက်၌ PDF အမည်ခံ အကြမ်းဖက်သမားများ ထောင်ထားသည့် မိုင်း တစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် ဦးဟန်လင်းနှင့် ဒေါ်မော်မော်ဌေးတို့တွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး မခင်စုစုဟန်တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်မှ ပြည်သူများ ထိခိုက်အောင် မိုင်းထောင်သည့် အကြမ်းဖက်မှု ကျူးလွန်ခဲ့သူ ချောက် PDF များအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိသော်လည်း ကျူးလွန်သူများကမူ ယင်းတို့၏လုပ်ရပ်အတွက် ဝန်ခံမှုနှင့် ထိခိုက်သေဆုံးသော ပြည်သူတို့အတွက် ဝမ်းနည်းကြောင်း၊ တောင်းပန်ကြောင်း တစ်စုံတစ်ရာ ထုတ်ပြန်လာမှုမရှိချေ။
