၂၆.၃.၂၀၂၆
Written by Thiri
ဝေးလံခေါင်ဖျား ဒေသကနေ စစ်ဘေးရှောင်လာပြီး ရန်ကုန်မြို့မှာ အလုပ်လာလုပ်တဲ့ လူငယ်တစ်ဦး လမ်းဘေးမှာ သေဆုံးခဲ့ရတဲ့ဖြစ်စဉ် မနေ့က မတ်လ ၂၅ ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီ ရောက်ရှိခဲ့တဲ့ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်က ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်အခြေစိုက် လင်းလက်လူမှူကူညီရေး(အသင်းခွဲထောက် -ပန်းဘဲတန်း) ထံ လသာမြို့နယ်၊ ၁၉ လမ်းထိပ်မှာ အသက် ၂၇ နှစ်အရွယ်အမျိုးသားတစ်ဦး သေဆုံးနေကြောင်းနဲ့ ရုပ်အလောင်းကူညီ သယ်ဆောင်ပေးဖို့ ဆက်သွယ်လာခဲ့တယ်လို့ သိရပါတယ်။


“အဲဒီကောင်လေးကို သူမသေဆုံးခင် ရှိုင်းလူမှုကူညီရေးအသင်းက ဆေးရုံပို့ဖို့ ကြိုးစားသေးတယ်။ ကောင်လေးကိုယ်တိုင်ကလည်း သူ့ကို ဆေးရုံပို့ပေးပါလို့ အကူအညီတောင်းတယ်လို့ အသင်းကလေးတွေက ပြန်ပြောပြတယ်။ ဒါပေမယ့် လုပ်ရတဲ့ အခြေအနေတချို့ကလည်းရှိတယ်။ လူနာစောင့်ပါမှ ဆိုတာမျိုးကြတော့ အသင်းတွေအနေနဲ့ ရေရှည်တာဝန်ယူပေးဖို့ ခက်တော့ ဆေးရုံက အတင်ခံ မခံ သွားပြီး ဆွေးနွေးညှိနှိုင်းနေတာ။ ဆေးရုံက ဆရာဝန်က ခေါ်လာခဲ့တော့ဆိုလို့ ပြန်လာခေါ်တဲ့အခါမှာပဲ ဆုံးသွားတာ” လို့ လင်းလက်လူမှုကူညီရေးအသင်းက MT News ကို ပြောပါတယ်။
အဆိုပါ လူငယ်မဆုံးခင် တိုက်ရိုက်ထိတွေ့ကူညီခွင့်ရရှိခဲ့တဲ့ ရှိုင်းလူမှူကူညီရေးအသင်းရဲ့ အဆိုအရ သေဆုံးသူ လူငယ်မှာ မငြိမ်းချမ်းတဲ့ သူ့ဒေသကနေ နေရပ်စွန့်ခွာလာပြီး ရန်ကုန်မြို့ရဲ့ စားသောက်ဆိုင်တစ်ခုမှာ ဝင်ရောက်လုပ်ကိုင်ခဲ့ကြောင်း၊ သူ့ရဲ့လည်ပင်းမှာ အကြိတ်ရှိနေပြီး စားသောက်ဆိုင်က ညှော်နံ့တွေကြောင့် ပိုမိုဆိုးရွားလာကာ နေမကောင်းဖြစ်လာတဲ့ အခါမှာတော့ အလုပ်ရှင်က အလုပ်ကနေထုတ်လိုက်လို့ စားဝတ်နေရေး အကုန်ခက်ခဲသွားပြီး လမ်းဘေးရောက်ရှိခဲ့ရကြောင်း သေဆုံးသူလူငယ်ရဲ့ အခြေအနေအကျဉ်းကို သိရှိခဲ့ရတယ်လို့ သူသိရတဲ့အခြေအနေအပေါ် ပြန်လည်ပြောဆိုပါတယ်။
သေဆုံးသူလူငယ်ရဲ့ ရုပ်အလောင်းကို လင်းလက်လူမှူကူညီရေးအသင်းနဲ့ ရှိုင်းလူမှုကူညီ ရေးအသင်းတို့ပူးပေါင်းကာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးဆီ ကူညီပို့ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။ မိသားစုနဲ့လည်း ချိတ်ဆက်ဆောင်ရွက်ဖို့ မလွယ်ကူတဲ့အတွက် ပိုင်ရှင်မဲ့အလောင်းအဖြစ်သာ စည်ပင်အစီအစဉ်နဲ့ သင်္ဂြိုဟ်သွားဖို့စီစဉ်ထားရှိကြောင်းလည်း သိရှိရပါတယ်။
