ပုံစာ။ မီးလောင်မှုမြင်ကွင်းနှင့် သေဆုံးဒဏ်ရာရသူတို့ပုံရိပ် (ဓာတ်ပုံ - မဏီစလနှင့် အခြား)
သက်တံ့
၂၆. ၃. ၂၀၂၆
မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ ရှမ်းဝိုင်းရပ်ကွက်က နေအိမ်တစ်အိမ်မှာ ဒီနေ့ မတ်လ ၂၆ ရက် မနက် ၉ နာရီခွဲခန့်အချိန်က မီးလောင်မှုဖြစ်ပွားခဲ့ရာမှာ သားအမိနှစ်ဦး သေဆုံးဒဏ်ရာရတဲ့ဖြစ်စဥ် ဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။
မီးလောင်မှုဖြစ်ပွားတဲ့အိမ်ဟာ စက်သုံးဆီပန့်ဆိုင်ဖွင့်ထားတဲ့အိမ်ဖြစ်ပြီး ဆီပန့်မီးလောင်ရာကနေတစ်ဆင့် လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ One News က ဖော်ပြထားသလို သေဆုံးသူဟာ အသက် ၁၇ နှစ်အရွယ် မောင်မင်းခန့်မောင်ဖြစ်ပြီး ဒဏ်ရာရရှိသူက မိခင် ဒေါ်သန်းသန်းလို့ VOM က ဖော်ပြပါတယ်။
ဒီဖြစ်စဥ်ကို မီးသတ်ဦးစီးဌာနကလည်း မတ်လ ၂၆ ရက် မနက် ၉ နာရီခွဲအချိန် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ၈၇ လမ်း၊ ၃၇ လမ်းကြားမှာ နေအိမ်မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မဟာအောင်မြေမြို့နယ်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ အရန်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ်(၃)စီး ထွက်ခွာငြှိမ်းသတ်လျက်ရှိသလို နံနက် ၉ နာရီ ၅၅ မိနစ်အချိန် မီးငြိမ်းခဲ့ကြောင်းနဲ့ ဒေသခံ မဏီစလလူမှုကူညီရေးအသင်းကလည်း အမျိုးသားတစ်ဦးသေဆုံးပြီး အမျိုးသမီးတစ်ဦးဒဏ်ရာရခဲ့ကြောင်း၊ ရေရရှိရေးအတွက် ရေဘောက်ဆာဉ် (၂) စီးနဲ့ အရေးပေါ်ကယ်ဆယ်ရေးယာဉ် ထွက်ခွာကာ မီးလောင်ပြင်မှာ မီးသတ်တပ်ဖွဲ့နဲ့အတူ ပူးပေါင်းကူညီဆောင်ရွက်ခဲ့သလို သေဆုံးဒဏ်ရာရသူတွေကို မြတ်ရတနာအသင်းနဲ့ ပူးပေါင်းကာ မန္တလေးပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ပုံစာ။ မီးလောင်မှုမြင်ကွင်းနှင့် သေဆုံးဒဏ်ရာရသူတို့ပုံရိပ် (ဓာတ်ပုံ – မဏီစလနှင့် အခြား)




