သက်တံ့
၂၆. ၃. ၂၀၂၆
ပူပြင်းလှတဲ့နေရောင်အောက်မှာ မိုင်နဲ့ချီ ရှည်လျားလှတဲ့ ကားတန်းရှည်တွေထဲ ဆီတန်းစီရင်း သက်ကြီးပိုင်းအမျိုးသားတစ်ဦး သတိလစ်သွားတာကြောင့် ရန်ကုန်ဆေးရုံကြီးကို တင်ပို့စဥ်မှာ သေဆုံးသွားမှု ဒီနေ့မွန်းတည့်ချိန်ခန့်ကဖြစ်ပွားခဲ့တယ်လို့ ကနဦးသိရပါတယ်။
အရှေ့အလယ်ပိုင်းဆီပြဿနာကြောင့် ရန်ကုန်မြို့မှာ စုံမစနစ်နဲ့ ဆီခွဲတမ်းသတ်မှတ်ရောင်းချပေမဲ့ နေ့စဥ်ဆီတန်းစီတဲ့ကားတွေများပြားတာ၊ ဆီထုတ်ရောင်းစားတဲ့သူတွေများပြားတာကြောင့် ဆီဆိုင်တိုင်း ဆီဆိုင်တိုင်းမှာ တစ်မိုင်ကျော်၊ နှစ်မိုင်နီးပါး ဆီတန်းဆီနေတဲ့ ယာဥ်တန်းကြီးပိတ်နေပြီး ဒီနေ့ဖြစ်စဥ်မှာလည်း ဟာမစ်တစ်မှတ်တိုင်အနီးမှာ ဆီတန်းစီနေတဲ့ယာဥ်တန်းထဲက တက္ကစီယာဥ်မောင်းတစ်ဦးဟာ ရှေ့ကားတွေ ရွေ့သွားချိန် မရွေ့တာကြောင့် နောက်ကားတွေက သွားကြည့်ချိန်မှာ ဒရိုင်ဘာခုံပေါ် နောက်လန်ပြီး သတိလစ်အနေအထားလို့ သိရပါတယ်။


ဒါကြောင့် လူမှုကူညီရေးအဖွဲ့ကိုခေါ်ပြီး ရန်ကုန်ဆေးရုံကြီးဆီ တင်ပို့ပေမဲ့ သေဆုံးသွားတယ်လို့ ကနဦးသိရသလို ဒီယာဥ်မောင်းမှာ မြန်မာနိုင်ငံဂီတအစည်းအရုံးဝင်ကတ်လည်းတွေ့ရပြီး တေးသံရှင် ပက်ထရစ်တင်ထွန်းဆိုတဲ့ အမည်နဲ့ တေးသံရှင်လို့လည်း ကူညီပေးခဲ့တဲ့ပရဟိတအသင်းတစ်ခုနဲ့ တိုက်ကြေကားရဲ့ လူမှုကွန်ရက်မှာတင်ထားတဲ့ အထောက်အထားတွေအရ သိရပါတယ်။ ဖြစ်စဥ်မှာ ကွယ်လွန်သွားတယ်ဆိုသူဟာ အသက် ၆၉ နှစ်အရွယ် အမည်ရင်း ဦးတင်ထွန်းလို့လည်း သိရပြီး တောင်ဒဂုံမြို့နယ်၊ ၁၉ ရပ်ကွက်၊ ပုလဲလမ်းနေသူလို့သိရပြီး ဖြစ်စဥ်ကိုတော့ MT News က ဆက်လက်စုံစမ်းနေပါတယ်။

