၂၆.၃.၂၀၂၆
Translated by Htwe Ko Tun
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ရတ်ဂျ်ဘာရီခရိုင်၊ ဒေါလတ်ဒီယာ ကျေးရွာတွင် ခရီးသည် ၅၀ ဦးကျော်လိုက်ပါလာသော ဘတ်စ်ကားတစ်စီးမှာ မတ်လ ၂၅ ရက် ဒေသစံတော်ချိန် ညနေ ၅ နာရီ ၁၅ မိနစ်ခန့်က ကြိုပို့သင်္ဘောတစ်စီးပေါ်သို တက်ရန်ကြိုးစားစဉ် ပက်မာမြစ်ထဲသို့ ထိုးကျသွားခဲ့ရာ၌ မတ်လ ၂၆ ရက် နံနက်အထိ သေဆုံးသူ အနည်းဆုံး ၂၃ ဦးရှိပြီဖြစ်ကြောင်း အာဏာပိုင်များက ပြောခဲ့ကြသည်။
ဘတ်စ်ကားက အရှိန်မထိန်းနိုင်ဘဲ ခန့်မှန်းခြေအနက် ပေ ၃၀ ရှိ မြစ်ရေထဲသို့ ထိုးကျနစ်မြုပ်သွားခဲ့ရာ ကယ်ဆယ်ရေးသမားများက ခရီးသည်များအားရှာဖွေကယ်ဆယ်ခဲ့ကြရာတွင် အသက်ရှင်လျက် ၁၁ ဦးကို ကယ်ဆယ်ရရှိခဲ့ပြီး ပျောက်ဆုံးနေသူများကို မတ်လ ၂၆ ရက် နံနက်၌ ပြန်လည်ကယ်ဆယ်ရှာဖွေနေကြကြောင်း သိရသည်။

ဘတ်စ်ကားက ကူရှိတာခရိုင်၊ ကုမာခါလီမြို့မှ စတင်ထွက်ခွာလာခြင်းဖြစ်ပြီး စတင်ထွက်ခွာချိန်က ခရီးသည်ခြောက်ဦးသာရှိသေးသော်လည်း ဒေါလတ်ဒီယာသို့ရောက်ရှိချိန်တွင် ခရီးသည် ၄၀ ဦးလိုက်ပါနိုင်သော ဘတ်စ်ကားပေါ်၌ ခရီးသည် အနည်းဆုံး ၅၀ ဦးအထိရှိခဲ့ကြောင်း သိရသည်။
သေဆုံးသူများ၌ အမျိုးသမီး ၁၁ ဦး၊ ကလေးရှစ်ဦးနှင့် အမျိုးသားလေးဦးတို့ပါဝင်ပြီး သေဆုံးသူ ၂၁ ဦး၏ အလောင်းများကို ၎င်းတို့၏မိသားစုများထံ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်းလည်း ရဲတပ်ဖွဲ့က ပြောခဲ့သည်။
Ref- The Daily Sun

