သက်တံ့
၂၆. ၃. ၂၀၂၆
တာမွေမြို့နယ်၊ Aeon Orange စူပါမားကတ်အနီး၊ ဗညားဒလ လမ်းမကြီးပေါ်မှာရှိတဲ့ အကြည်တော်ဟိုတယ်ပေါ်ကနေ အမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံးမှု ဒီနေ့ မတ်လ ၂၆ ရက် မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ကနဦး သိရပါတယ်။
ဒီမနက် ၉ နာရီခွဲကျော်အချိန်မှာ ဟိုတယ်ရဲ့ အပေါ်ဆုံးအထပ်တစ်ခုဖြစ်တဲ့ ခုနစ်လွှာက ပြုတ်ကျခဲ့တာဖြစ်ပြီး ဟုန်ဖ Beauty Saloon ရဲ့မီးစက်ဘေးနဲ့ အကြည်တော်ဟိုတယ်ကြားက လမ်းသွယ်ပေါ်မှာ လဲကျနေခဲ့တာဖြစ်ပြီး အမြင့်ပိုင်းက ပြုတ်ကျလို့ ဒဏ်ရာပြင်းတာကြောင့် နေရာတင်သေဆုံးသွားတယ်လို့လည်း ကူညီကယ်ဆယ်ပေးခဲ့တဲ့ ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“အဲဒီ အကြည်တော်ဟိုတယ်က သမိန်ဗရမ်းလမ်းမကြီးပေါ်ရှိပြီး သူ့ဘေးမှာ ဗလီထိပ် ကားမှတ်တိုင်ပေါ့။ မှတ်တိုင်ဆင်းတာနဲ့ ဟိုတယ်ဘေးက ဝင်သွားရင် မေတ္တာရိပ်မွန်အိမ်ရာရှိတယ်။ အဲဒီအိမ်ရာအဝင်နဲ့ ဟုန်ဖရယ်၊ အကြည်တော်ရယ်နှစ်ခုကြားမှာ သူက ပြုတ်ကျသွားတာပေါ့။ ဖြစ်သွားတော့ အဲဒီနေရာက ဆိုက်ကားသမားတွေ၊ ကားစောင့်သူတွေ တော်တော်များများ မြင်ပေမဲ့ ရုတ်တရက်ဆိုတော့ မကပ်ရဲကြဘူး။ ပြုတ်ကျစမှာ နည်းနည်းလှုပ်ရှားမှုရှိတယ်ပြောပေမဲ့ ဒဏ်ရာပြင်းတော့ ဆုံးသွားတယ်”လို့ ဒေသခံ ပရဟိတသမားတစ်ဦးက ဆိုပါတယ်။
ဖြစ်စဥ်ကို မျက်မြင်တွေ့ခဲ့သူတစ်ဦးကလည်း လူမှုကွန်ရက်မှာ “တာမွေ အကြည်တော် ဟိုတယ်ပေါ်ကနေ ဝုန်းကနဲဆို အမျိုးသမီးတဦး ပြုတ်ကျလာတာပါ။ ဆီတန်းစီနေရင်း တွေ့လို့ နောက်ဆက်တွေ အခြေအနေတော့ မသိရဘူး။ (သတ်ပုံမူရင်း) လို့ လူမှုကွန်ရက်မှာ ရုပ်သံနဲ့တကွ မျှဝေထားပါတယ်။
အဆိုပါအမျိုးသမီးဟာ အကြည်တော်ဟိုတယ်မှာ တည်းခိုနေထိုင်နေတာ တစ်ပတ်ခန့်ရှိပြီး တစ်ဦးတည်း လာတည်းနေတာလို့ ပြောသလို လက်ရှိမှာတော့ ဓမ္မတာအတိုင်းသေဆုံးမှု ဟုတ်မဟုတ် တာဝန်ရှိသူတွေက ဖြစ်စဥ်ကို စိစစ် စစ်ဆေးနေတယ်လို့ သိရပါတယ်။
