သတိုး
၂၆. ၃. ၂၀၂၆
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က သူနာပြုဟောင်းတစ်ဦးဖြစ်သူ Sarah Mullally ဟာ Canterbury Cathedral ဘုရားကျောင်းရဲ့ အမျိုးသမီး ဂိုဏ်းချုပ်ဆရာတော်အဖြစ် နန်းတက်ပြီး သမိုင်းသစ် ရေးထိုးနိုင်ခဲ့ပါတယ်။ သူမဟာ ကမ္ဘာတစ်ဝန်းမှာ ဘာသာဝင် ၈၅ သန်းရှိပြီး သက်တမ်း အနှစ် ၅၀၀ နီးပါးရှိပြီဖြစ်တဲ့ အင်္ဂလိကန်အသင်းတော်ကြီးရဲ့ နှစ်ပေါင်းရာချီ သက်တမ်းရှိတဲ့ မိခင်အသင်းတော်ကို ပထမဆုံး ဦးဆောင်ခွင့်ရတဲ့ အမျိုးသမီး ဖြစ်လာပါတယ်။
အသက် ၆၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Sarah Mullally ဟာ အရင်ဂိုဏ်းချုပ်ဆရာတော် အလွဲသုံးစားမှုဆိုင်ရာ အရှုပ်တော်ပုံကြောင့် ရာထူးက နုတ်ထွက်သွားပြီးနောက်မှာ ဒီတာဝန်ကို တရားဝင် လွှဲပြောင်းယူခဲ့တာပါ။ အရင်က သားဖွားဆရာမအဖြစ် လုပ်ကိုင်ခဲ့ဖူးတဲ့ သူမကို အင်္ဂလန် အရှေ့တောင်ပိုင်းရှိ Canterbury Cathedral ဘုရားကျောင်းကြီးမှာ လူပေါင်း ၂,၀၀၀ ခန့် ရှေ့မှောက်မှာ ဂိုဏ်းချုပ်ဆရာတော်အဖြစ် တရားဝင် ရာထူးအပ်နှင်းခဲ့ပါတယ်။ အဲဒီအခမ်းအနားကို ဗြိတိန်ထီးနန်းရဲ့ နန်းမွေခံ မင်းသား ဝီလျံနဲ့ ဇနီးဖြစ်သူ မင်းသမီး ကတ်သရင်းတို့လည်း တက်ရောက်ခဲ့ကြပါတယ်။

◾️ သမိုင်းဝင် အခမ်းအနား အစီအစဉ်များ
ရိုးရာထုံးတမ်းစဉ်လာအရ အခမ်းအနားကို Mullally က အင်္ဂလန်နိုင်ငံ၊ Kent နယ်မြေထဲက Canterbury မြို့လယ်ခေါင်မှာ ရှိတဲ့ Canterbury Cathedral ဘုရားကျောင်းရဲ့ အနောက်ဘက်တံခါးကို တောင်ဝှေးနဲ့ သုံးကြိမ်ခေါက်ပြီး ဝင်ခွင့်တောင်းရာကနေ စတင်ခဲ့ပါတယ်။ ရွှေဝါရောင် ဝတ်ရုံတော်ကို ဆင်မြန်းထားတဲ့ သူမကို ဒေသခံ ကျောင်းသားလေးတွေက ဘာကြောင့်လာတာလဲလို့ မေးမြန်းကြိုဆိုကြပါတယ်။
“ကျွန်မဟာ ခရစ်တော်ရဲ့ မေတ္တာတော်ကို ဟောပြောဖို့၊ သင်တို့နဲ့အတူ ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ ကိုးကွယ်ချစ်ခင်ဖို့ ဂိုဏ်းချုပ်ဆရာတော်အဖြစ် စေလွှတ်ခြင်း ခံရတာဖြစ်ပါတယ်” လို့ သူမက ပြန်လည်ဖြေကြားခဲ့ပါတယ်။

Canterbury ဂိုဏ်းချုပ်ဆရာတော် ခန့်အပ်မှုကို နိုင်ငံတော်အဆင့် အခမ်းအနားတွေနဲ့ ခန့်အပ်ရတာဖြစ်သလို ဗြိတိန်တော်ဝင်မိသားစုကလည်း တက်ရောက်ကြကာ “Cathedra” လို့ခေါ်တဲ့ အထူးပလ္လင်ပေါ်မှာ တင်မြှောက်ကြတာပါ။ ဒီအခမ်းအနားရဲ့ အထွတ်အထိပ်အနေနဲ့လည်း Mullally ကို ပလ္လင် (Throne) နှစ်ခုမှာ အလှည့်ကျ ထိုင်စေခဲ့ပါတယ်။ ဒီနေရာနှစ်ခုဟာ သူမ ထမ်းဆောင်ရမယ့် တာဝန်နှစ်ရပ်ကို ကိုယ်စားပြုတာဖြစ်ပြီး တစ်ခုက Canterbury နယ်မြေရဲ့ ဆရာတော် (Bishop) အဖြစ် တာဝန်ယူမှုဖြစ်ပြီး နောက်တစ်ခုကတော့ တစ်ကမ္ဘာလုံးက အင်္ဂလိကန်ဘာသာဝင်တွေရဲ့ ဝိညာဉ်ရေးရာ ခေါင်းဆောင်အဖြစ် တာဝန်ယူမှုကို ဆိုလိုတာပါ။
◾️ အပြောင်းအလဲနဲ့ စိန်ခေါ်မှုများ
သူမရဲ့ ရှေ့ဆောင်လမ်းပြဂိုဏ်းချုပ်ဆရာတော်ဖြစ်သူ Justin Welby ဟာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလက အလွဲသုံးစားမှုအရှုပ်တော်ပုံကို ကိုင်တွယ်ဖြေရှင်းရာမှာ ပျက်ကွက်မှုတွေကြောင့် ရာထူးက နုတ်ထွက်ခဲ့ရတာပါ။ ၁၉၇၀ ပြည့်လွန်နှစ်တွေက ဖြစ်ပွားခဲ့တဲ့ ဆက်တိုက်အလွဲသုံးစားမှုတွေကို အသင်းတော်က ဖုံးကွယ်ထားကြောင်း အစီရင်ခံစာ ထွက်ပေါ်လာပြီးနောက်၊ သူကိုယ်တိုင် ၂၀၁၃ ခုနှစ်မှာ ဒီကိစ္စကို သိရှိခဲ့ပေမယ့် အာဏာပိုင်တွေကို အကြောင်းမကြားခဲ့တာကြောင့် ရာထူးက ဆင်းပေးခဲ့ရတာ ဖြစ်ပါတယ်။
Mullally ကတော့ “အသင်းတော်ကို ပိုမိုလုံခြုံတဲ့နေရာ ဖြစ်လာအောင်နဲ့ အလွဲသုံးစားလုပ်ခံရသူတွေ၊ အသက်ရှင်ကျန်ရစ်သူတွေအတွက် ကောင်းမွန်စွာ တုံ့ပြန်ဆောင်ရွက်ပေးနိုင်အောင် အစွမ်းကုန် ကြိုးစားသွားမယ်” လို့ အလေးအနက် ပြောကြားခဲ့ပါတယ်။
◾️ နောက်ခံသမိုင်းကြောင်း
အင်္ဂလိကန်အသင်းတော်ဟာ ၁၅၃၀ ပြည့်လွန်နှစ်တွေမှာ ဘုရင် ဟင်နရီ (၈) က ရိုမန်ကက်သလစ် အသင်းတော်ကနေ ခွဲထွက်ပြီးနောက် နိုင်ငံတော်အသင်းတော် ဖြစ်လာခဲ့တာပါ။ ဗြိတိသျှဘုရင် (သို့မဟုတ် ဘုရင်မ) ဟာ အသင်းတော်ရဲ့ အမြင့်ဆုံးအုပ်ချုပ်သူ ဖြစ်သလို၊ Mullally တို့လို Canterbury ဂိုဏ်းချုပ်ဆရာတော်ကတော့ ဝိညာဉ်ရေးရာ ခေါင်းဆောင်ဖြစ်ပါတယ်။

အိမ်ထောင်သည်ဖြစ်ပြီး သားသမီးနှစ်ယောက်ရှိတဲ့ Mullally ဟာ ၁၀၆ ပါးမြောက် Canterbury ဂိုဏ်းချုပ်ဆရာတော် ဖြစ်လာပါတယ်။ သူမဟာ ဗြိတိန်ရဲ့ အမျိုးသားကျန်းမာရေးဌာန (NHS) မှာ နှစ်ပေါင်း ၃၀ ကျော် လုပ်ကိုင်ခဲ့ပြီး ၁၉၉၉ ခုနှစ်မှာ အင်္ဂလန်နိုင်ငံရဲ့ ထိပ်တန်းသူနာပြုအရာရှိချုပ် (Chief Nursing Officer) ဖြစ်လာခဲ့သူပါ။
၂၀၀၂ ခုနှစ်မှာ ခရစ်ယာန် ဘုန်းတော်ကြီး (Priest) အဖြစ် သိက္ခာတင်ခြင်းခံခဲ့ရပြီး ၂၀၁၈ ခုနှစ်မှာ လန်ဒန်ရဲ့ ပထမဆုံး အမျိုးသမီး ဆရာတော် (Bishop of London) ဖြစ်လာခဲ့ပါတယ်။ ဒါဟာ ဗြိတိန်က အင်္ဂလိကန်အသင်းတော်တွေအတွင်းမှာ အမျိုးသမီးတွေကို ဆရာတော်အဖြစ် ခန့်အပ်ဖို့ နှစ်ပေါင်းများစွာ ငြင်းခဲ့ကြပြီးနောက် ၂၀၁၄ ခုနှစ်မှာမှ စတင်ခွင့်ပြုခဲ့ပြီး ၄ နှစ်အကြာမှာ Mullally က အမျိုးသမီးဘုန်းတော်ကြီးဖြစ်လာခဲ့ပြီး ၈ နှစ်ခန့်အကြာမှာတော့ အင်္ဂလိကန်အသင်းတော်ကြီးရဲ့ နှစ်ပေါင်းရာချီ သက်တမ်းရှိတဲ့ မိခင်အသင်းတော်ကို ပထမဆုံး ဦးဆောင်ခွင့်ရတဲ့ အမျိုးသမီး ဖြစ်လာခဲ့တာဖြစ်ပါတယ်။
ကမ္ဘာတစ်ဝန်းက အင်္ဂလိကန်ချာ့ချ်ကျောင်းတွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက အမျိုးသမီးဘုန်းတော်ကြီးတွေကို ခွင့်ပြုခဲ့သလို အမေရိကန်ပြည်ထောင်စုက ၁၉၈၉ ခုနှစ်ကစ အမျိုးသမီးဘုန်းတော်ကြီးတွေကို ပထမဆုံးခွင့်ပြုခဲ့တာပါ။ ဗြိတိန်ဟာ အင်္ဂလိကန်အသင်းတော်တွေရဲ့ မိခင်ဌာနေဖြစ်တာကြောင့် ရှေးရိုးစွဲမှုတွေနဲ့ သမ္မာကျမ်းစာအရ အမျိုးသမီးဘုန်းတော်ကြီးတွေကို ခွင့်ပြုဖို့ နှောင့်နှေးနေခဲ့တာပါ။
လက်ရှိမှာတော့ အင်္ဂလန်က ဆရာတော် ၁၀၈ ပါးထဲမှာ ၄၀ ကျော်ဟာ အမျိုးသမီးတွေ ဖြစ်နေပါပြီ။ ဒါပေမဲ့ ကမ္ဘာတစ်ဝန်းက တချို့ Anglican အသင်းတော်တွေ (ဥပမာ- ရဝမ်ဒါနိုင်ငံ) ကတော့ သမ္မာကျမ်းစာအရ အမျိုးသားတွေပဲ ဆရာတော် ဖြစ်သင့်တယ်လို့ ယုံကြည်နေဆဲ ဖြစ်တာကြောင့် အမျိုးသမီး ခေါင်းဆောင်မှုကို ကန့်ကွက်မှုတွေ ရှိနေပါသေးတယ်။
Ref : SCMP
