၂၆. ၃. ၂၀၂၆
Written by Nyein Kyaw
ပြည်ပမှ စက်သုံးဆီ ပိုမိုတင်သွင်းနိုင်ရေးအတွက် ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအား ဒေါ်လာ ၂၆ သန်း ထပ်မံထုတ်ရောင်း၍ ယခုမတ်လအတွင်း ဒေါ်လာ ၁၆၇ သန်း ရောင်းချပေးခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်တွင် စတင်ခဲ့သော အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခများကြောင့် ယခုမတ်လအတွင်း ကမ္ဘာ့နိုင်ငံများနည်းတူ ပြည်တွင်း၌လည်း စက်သုံးဆီအခက်အခဲများ ဖြစ်ပေါ်လာခဲ့သည့်အခြေအနေဖြစ်သည်။


ထို့ကြောင့် ယခုမတ်လအတွင်း ပြည်ပမှ စက်သုံးဆီ ပိုမိုတင်သွင်းနိုင်ရေး ဈေးကွက်လိုအပ်ချက် အပြည့်အဝပံ့ပိုးပေးနိုင်ရန် ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် နိုင်ငံခြားငွေများကို ယခုထုတ်ရောင်းပေးမှုအပါအဝင် ငါးကြိမ်ထုတ်ရောင်းခဲ့ရာ စုစုပေါင်း ဒေါ်လာ ၁၆၇ သန်းအထိရှိသည်။
ထို့အတူ ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် လစဉ်နိုင်ငံခြားငွေများ ထုတ်ရောင်းပေးလျက်ရှိရာ ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားငွေ စုစုပေါင်းပမာဏ ဒေါ်လာ ၁ ဒသမ ၄၃ ဘီလျံကျော်နှင့် ထိုင်းဘတ်သန်း ၂၀၀ အထိ ထုတ်ရောင်းပေးခဲ့ခြင်းဖြစ်သည်။
ပြည်တွင်း စက်သုံးဆီဈေးကွက်၌ ယနေ့တွင် ဓာတ်ဆီ ၉၂ တစ်လီတာ ၃,၆၁၀ ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၃,၈၅၀ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၄,၃၉၀ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၄,၈၂၀ ကျပ် ဖြစ်ပေါ်လျက်ရှိသည်။
ပြီးခဲ့သည့်အပတ်အတွင်း ဓာတ်ဆီတစ်လီတာ ကျပ် ၇၈၀ မှ ကျပ် ၉၀၀ ကျော်နှင့် ဒီဇယ်တစ်လီတာ ကျပ် ၁,၂၀၀ ဝန်းကျင် မြင့်တက်လာခဲ့သော်လည်း ယခုတစ်ပတ်အတွင်း စက်သုံးဆီဈေးနှုန်း ယခင်တစ်ပတ်ဈေးနှုန်းအတိုင်းသာ ဆက်ရှိနေသည်။


